Saturday, September 29, 2018

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှစစ်ဆေးပြီးနောက်ပိုင်း ရွှေဈေးပြန်လည်ကျဆင်း


ပြည်တွင်းရွှေဈေးသည် စက်တင်ဘာလနောက်ဆုံးပတ်အတွင်း ပြန်လည်ကျဆင်းလာကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ တတိယပတ်အတွင်း ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်ဆယ်သိန်း လေးသောင်းနီးပါးအထိ စံချိန်တင်မြင့်တက်ခဲ့သော်လည်း ယခုအခါ ကျပ်ကိုးသိန်းရှစ်သောင်းခြောက်ထောင်သို့ ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။ 
“ရွှေအရောင်းအဝယ်ကအခုဆိုပုံမှန်ပြန်ဖြစ်နေပါပြီ။ ရွှေဘုံသာလမ်းကလေပတ်ကားလုပ်သူတွေကို ဌာနဆိုင်ရာကခေါ်ယူစစ်ဆေးခဲ့တယ်။ ဒါပေမယ့် ရွှေဘုံသာလမ်းမှာရွှေဈေးကွက်ကစားသူတွေ မရှိပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ 
မြန်မာနိုင်ငံတွင်နိုင်ငံခြားငွေလဲနှုန်း (ဒေါ်လာဈေး) မြင့်တက်လာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းများလည်း မြင့်တက်လာပြီး မြန်မာ့ရွှေ ဈေးနှုန်းများလည်းလေးလကျော်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ကာအရောင်းအဝယ် ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
ယင်းသို့ ရွှေဈေးနှုန်းများအဆမတန် မြင့်တက်ခဲ့သည့်အတွက် ယခုစက်တင်ဘာလ၂၂ ရက်၌ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းမှ အရေးပေါ်အစည်းအဝေးပြုလုပ်ကာ ရွှေထိ၊ငွေထိ လက်တွေ့အရောင်းအဝယ်သာ ပြုလုပ်ရန်၊ လေပတ်ကားအရောင်းအဝယ်မပြုလုပ်ရန်၊ လက်ဝယ်တွင် ရွှေ၊ ငွေမရှိဘဲနှင့် အရောင်းအဝယ်ပြုလုပ်ပြီးမီတာပေး၍ ရွှေ၊ ငွေကို မရွှေ့ရန်စသည့် အချက် ၆ ချက်ကို လိုက်နာရန်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 
ထို့အပြင် စက်တင်ဘာ ၂၄ ရက်၌ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ရန်ကုန်မြို့၊ ရွှေဘုံသာလမ်းတွင် လေပတ်ကားရွှေအရောင်းအဝယ် ပြုလုပ်နေသူများကိုခေါ်ယူစစ်ဆေးခဲ့ပြီး ရန်ကုန်တိုင်းရွှေကုန်သည် အသင်းမှလည်း အရောင်းအဝယ်ရပ်ထားပြီးစက်တင်ဘာလ ၂၇ ရက်မှ ရွှေဈေးပြန်လည်ဖွင့်ခဲ့ကြောင်း သိရသည်။ 
ယင်းသို့ ခေါ်ယူစစ်ဆေးပြီးနောက်ပိုင်း ရွှေဈေးကွက်ပြန်လည်ဖွင့်လှစ်ချိန်တွင် ရွှေဘုံသာလမ်းအတွင်း ရွှေလက်ငင်းဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ပြန်လည်ဖြစ်လာပြီး ရွှေဈေးနှုန်းများ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ 

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန) 


0 comments:

Post a Comment