Saturday, September 29, 2018

စက်သုံးဆီဈေးမကျ၍ လုပ်ငန်းရှင်များအား စသုံးလုံးခေါ်စစ်ဟုသောရေးသားချက်များသည် အကျည်းတန်ကြောင်း စက်သုံးဆီအသင်း ဆို


စက်သုံးဆီဈေးနှုန်းများ မကျ၍ စက်သုံးဆီလုပ်ငန်းရှင်များအား အထူးစုံစမ်းစစ်ဆေးရေးသို့ ခေါ်စစ်နေကြောင်း ဂျာနယ်တစ်စောင်မှရေးသားချက်များသည် စက်သုံးဆီလုပ်ငန်းရှင်များက ဈေးမကျစေရန်တမင်လုပ်ခြင်းမဟုတ်သောကြောင့် အကျည်းတန်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီအသင်းမှ အတွင်းရေးမှူးက ပြောကြားလိုက်သည်။ 
ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်ရုံးအဆောက်အအုံရှိ မြန်မာနိုင်ငံစက်သုံးဆီအသင်းရုံးခန်း၌ စက်တင်ဘာ ၂၈ ရက်က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။ " ကျွန်တော်တို့က ဟုတ်တယ်မှန်တယ်ဆို ထည့်ရေးပါ။ ကျွန်တော်တို့ကို တည့်မတ်ပေးပါ။ ဒါ လက်ခံပါတယ်။ အခုက ဂျာနယ်တစ်စောင်မှာ ရေးထားတာ ဒေါ်လာဈေးကျတယ်။ ပြည်ပ စက်သုံးဆီဈေးကျတာတောင် ဆီဈေးက ပြန်မကျဘူး။ အမြတ်ကြီးစားတယ်။ စသုံးလုံးခေါ်စစ်ပါ။ အရေးယူပါဆိုတော့ တကယ်ဖြစ်လို့ပြောတာဆို ပြောပါ။ မဟုတ်ရင် လူတစ်ဖက်သား နစ်နာပါတယ်။ ဒါ အကျည်းတန်တယ်လို့ပြောပါရစေ " ဟု ဒေါက်တာဝင်းမြင့်က ပြောသည်။ စက်သုံးဆီဈေးနှုန်းများ လျှော့ရောင်း၍ လက်လီရောင်းသူများမှ လက်ကားရောင်းသူများအား ထပ်မံလျှော့ရန်တောင်းဆိုခဲ့ကြောင်း လက်ကားရောင်းသူများမှ ထပ်မံလျှော့ရန်မဖြစ်နိုင်ဘဲ အရှုံးခံရောင်းနေသည့်ဈေးမှာ အရင်းထက်လျှော့နေကြောင်း ထောက်ပြခဲ့သည်ဟုလည်း ဦးဝင်းမြင့်က ဆိုသည်။ " ဘာကြောင့် စက်သုံးဆီကို အရင်းထက်လျှော့ရောင်းလဲ။ ကျွန်တော်တို့ အလုပ်လုပ်ချင်တာ ပါတယ်။ အောင်မြင်တိုးတက်ချင်တာ ပါတယ်။ ဈေးကွက်ကို ပြိုင်လုရင်းလျော့ရောင်းတယ်။ လက်ရှိ အရှုံးကိုရောက်နေတယ်။ ဒီထက် လျော့မရောင်းဖို့လည်း ကျွန်တော်တို့ မေတ္တာရပ်ခံထားပါတယ်။ ဘာလို့လဲ။ သတ်မှတ်တွက်ချက်ထားပြီးဖြစ်လို့ ။ တကယ်လို့ လျော့မယ်လည်းဆိုရော အဲဒီသူက လျော့လို့မရတော့ဘူးဖြစ်သွားရော " ဟု ဒေါက်တာဝင်းမြင့်က ဆက်လက်ပြောကြားသည်။ 

မြန်မာပြည်သူအများစု၏ ရင်ထဲတွင်မူ စက်သုံးဆီအသင်းနှင့်လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်ကို တစ်ဖွဲ့ တည်းအပိုင်သိမ်းပိုက်ကာ ပြည်သူများ၏ အခြေခံစားဝတ်နေရေး ငွေကြေးအနည်းငယ်ထဲမှာ ကုတ်ခြစ်ရယူနေသည့် ဂုတ်သွေးစုတ်များသဖွယ် ရှုမြင်နေကြဆဲပင် ဖြစ်သည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန) 

0 comments:

Post a Comment