Saturday, September 29, 2018

ကျောက်မဲ (မန်း-မူဆယ် ပြည်ထောင်စုလမ်းပေါ်)မှာ နွားကားတွေအပစ်ခံရပြန်ပြီ



ပြည်ပကိုတရားဝင်တင်ပို့ရောင်းချမယ့် နွားအကောင် ၁၀၀ တင် မော်တော်ယာဉ် ၅ စီးပါယာဉ်တန်းဟာ ကျောက်မဲမြို့နယ် ( မန်း-မူဆယ်ပြည်ထောင်စုလမ်းပေါ်)မှာ ဒီကနေ့ မနက်အစောပိုင်းး ၁ နာရီလောက်က သေနတ်နဲ့ ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ 
သိန်းသန်းမြင့်ကျော် ကုမ္ပဏီက တရားဝင်စာရွက်စာတမ်းနဲ့တင်ဆောင်လာတဲ့ နွားကား ၅ စီးအနက် ရှေ့ဆုံးကနေ မောင်းနှင်လာတဲ့ နွားတင်ယာဉ်ကို မျက်နှာချင်းဆိုင်ဘက်ကနေ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးပေါ်ပါ အရပ်ဝတ်လူ ၂ ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကျောက်မဲရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပစ်ခတ်တဲ့ဆိုင်ကယ်ဟာ အဆိုပါ နွားတင်ယာဉ်ကို ကျော်လွန်သွားပြီးနောက်မှာ ယာဉ်အနောက်ဘက်ကနေဆက်လက်ပစ်ခတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်ခံရမှုကြောင့် မော်တော်ယာဉ်ရဲ့ ရှေ့ဝဲဘက်ဘီးကိုတစ်ချက်၊ နောက်ပိတ်တံခါး ကျည် ၂ချက်၊ နွားတစ်ကောင်တင်ပါးနဲ့ခြေသလုံးတို့မှာ ကျည်ထိမှန်ခံတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

လူတစ်ဦးတစ်ယောက်မှတော့ ထိခိုက်ဒဏ်ရာရခြင်းမရှိဘူးလို့ သိရပါတယ်။ 

အဆိုပါပစ်ခတ်ခံရတဲ့နေရာကတော့ ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာနဲ့ ဗူးခါးကျေးရွာအကြား မန်း-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် နားခေါ်ကျေးရွာအထွက်မှာဖြစ်ပါတယ်။ 

ခါတိုင်းလည်း ကျောက်မဲမြို့နယ် အတွင်းက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ယခုလို နွားတင်ယာဉ်အပစ်ခံရမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားခဲ့ပါတယ်။ 



Popular

0 comments:

Post a Comment