Saturday, September 29, 2018

ဒေါ်လာဈေးကစားသူ လေးဦးကို ဖမ်းဆီးအရေးယူ

ရန်ကုန်မြို့အတွင်းရှိ ရွှေနှင့် ဒေါ်လာဈေးကွက်ကို ကစားနေသူအချို့အား အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးနောက် လက်ရှိတွင် ဒေါ်လာဈေးကစားသူလေးဦးကို ဖမ်းဆီးအရေးယူထားသည်။ 
"ဖမ်းမိထားတဲ့ လေးယောက်ကို သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာပဲ ဒီနေ့ပဲ ချုပ်ရမန်ယူမယ်။ ရွှေနဲ့ ဒေါ်လာဈေးကစားနေမှုနဲ့ ပတ်သက်ပြီး ၁၀ ဦး ကျော်ကျော်လောက် ခေါ်စစ်ဆေးပြီးပြီ။ နောက်လူတွေကိုလဲ စစ်ဆေးပေါ်ပေါက်ချက်တွေအရ ထပ်ပြီး အမှုဖွင့်အရေးယူသွားမှာပါ" ဟု စသုံးလုံးမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးက ပြောသည်။ 

၂၀၁၂ ခုနှစ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၄၂၊ ၄၃ ဖြင့် အမှုဖွင့် အရေးယူခံသူမှာ စုစုပေါင်း ငါးဦးရှိပြီး ပန်းဘဲတန်း၊ ကျောက်တံတားနှင့် ပုဇွန်တောင်မြို့နယ်တို့ရှိ ရဲစခန်းများတွင် အမှုများရေးဖွင့်ထားကြောင်းနှင့် လက်ရှိတွင် လေးဦးကို ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

"ငါးယောက်မှာ လေးယောက်ကို မိထားတယ်။ ဖမ်းမိထားသူတွေထဲမှာ ရွှေလုပ်ငန်းရှင်များအသင်းက အမှုဆောင် တစ်ယောက်ပါတယ်လို့လည်း သိရတယ်။" ဟု ရဲအရာရှိတစ်ဦးက ပြောသည်။ 

ရွှေနှင့် ဒေါ်လာဈေးကစားမှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ပြီး လူပုဂ္ဂိုလ်အချို့ကို စသုံးလုံးက ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကာ လက်ရှိဖမ်းဆီးအရေးယူခံရသူလေးဦးမှာ ရွှေဘုံသာလမ်း၊ ၂၉ လမ်းနှင့် ဗိုလ်အောင်ကျော်လမ်းတို့တွင် ငွေလဲကောင်တာဆိုင်များ ဖွင့်လှစ်ထားသည်။

The Voice

0 comments:

Post a Comment