Saturday, September 29, 2018

အလုပ်ရမည်ပြောပြီး သိန်း ၄၀ ကျော်ယူသည့် ထွေအုပ်ဝန်ထမ်းကိုအမှုဖွင့်


ဖြူးမြို့နယ် ညောင်ပင်သာမြို့ အင်ပင်သာရွာသူ၊ ရွာသားအချို့ကို ပြည်ပတွင်အလုပ်ရမည်ပြောပြီး သိန်း ၄၀ ကျော်ရယူသည့် ထွေအုပ်ဝန်ထမ်းကို စက်တင်ဘာ ၂၈ ရက်တွင် လိမ်လည်မှုဖြင့် အမှုဖွင့်ထားကြောင်း ညောင်ပင်သာနယ်မြေရဲစခန်းထံမှ သိရသည်။ 
အဆိုပါစခန်းမှူး ရဲအုပ်တင်စိုးက “အမှုဖွင့်ခံရတဲ့ ရပ်ကျေးစာရေးကို ရှာဖွေနေဆဲဆိုတဲ့အခါ သူ့မှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လိုင်စင် ရှိ၊ မရှိမသိရသေးဘူး။ ဒီတော့ တရားမဝင် ပြည်ပအလုပ်အကိုင် ရှာဖွေပို့ဆောင်ခြင်းပုဒ်မနဲ့ အမှုဖွင့်မရသေးပါဘူး။ အခုလက်ရှိ ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ အမှုဖွင့်ထားပါတယ်”ဟု ပြောသည်။ 

ဖြူးမြို့နယ် ထွေအုပ်ဝန်ထမ်း ဦးကိုကိုအောင် (၂၇ နှစ်ခန့် - ရပ်ကျေးစာရေးအဆင့်) သည် လွန်ခဲ့သည့် ငါးလခန့်က အင်ပင်သာရွာနေ ဦးသန့်ဇင်ဦးအပါအဝင် ၆ ဦးကို ထိုင်းနိုင်ငံရှိ ကြက်ခြံတစ်ခြံတွင် အလုပ်ရမည်ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရှိရသည်။ 

ထိုသို့ပြောဆိုပြီးနောက် မေလ ၁၅ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ စားသောက်ဆိုင်တစ်ဆိုင်တွင် တစ်ဦးလျှင် ကျပ် ခုနစ်သိန်းကျော်ဖြင့် စုစုပေါင်း ၄၄ သိန်းကို လက်ခံရယူခဲ့သော်လည်း ယနေ့အထိ အလုပ်မရသဖြင့် စက်တင်ဘာ ၂၈ ရက်တွင် အမှုဖွင့်တိုင်ကြားလာခြင်းဖြစ်သည်ဟု ညောင်ပင်သာနယ်မြေရဲစခန်းထံမှ သိရှိရသည်။

The Voice





0 comments:

Post a Comment