Thursday, January 5, 2023

လက်နက်ကိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ

လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော အခြေခံအုတ်မြစ်များချမှတ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ယခုနှစ်တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးကြရန် နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအား ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် ဖိတ်ခေါ်ခဲ့သည်။

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ တန်းတူရည်တူရှိပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံရေး အကျပ်အတည်းများဖြေရှင်းရေးတို့ကို ဦးတည်၍ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချို့ကလက်ခံခဲ့ကြသည်။

ယင်းဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီနှင့် နစကဥက္ကဋ္ဌ၊ နစက၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မေ ၂၀ ရက်မှ စတင်ကာ ပြုလုပ်ခဲ့သည်။

နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် NCA စာချုပ်တွင် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နေပြည်တော်သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ 

NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့သည် နစကအစိုးရနှင့် ၂၀၂၂ ခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြသည်။

NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကမူ နစကဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို လက်မခံဘဲ နေပြည်တော်သို့သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းမရှိပေ။

NCA စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထဲမှ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လည်း နေပြည်တော်သို့ လာရောက်၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

နစကနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့တို့အကြားတွေ့ဆုံဆွေးနွေးမှုများတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁/၂/၃)များ၌ ပါရှိသည့် သဘောတူညီချက်များနှင့် ပြည် ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)မှ ဆက်လက်ဆွေးနွေး ရန်ကျန်ရှိသည့် ဇယား-၂ ပါ အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများသည် NLD အစိုးရလက်ထက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင် လုံအစည်းအဝေးများမှ ရရှိထားသော အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် NCA-S EAO များအကြား ရရှိထားသော  သဘောတူညီချက်များဖြစ်သည်။

အဆိုပါ ပြည်ထောင်စုသဘောတူစာချုပ်အစိတ်အပိုင်းများထဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ အချက်များ ပါဝင်သည်။

နစကနှင့် NCA-S EAO ခုနစ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးကြပြီး နောက်ရရှိလာသော သဘောတူညီချက်များကို အတည်ပြုလက်မှတ် ရေးထိုးထားကြသည်။

NCA-S EAO ခုနစ်ဖွဲ့အနေဖြင့် နစကနှင့် တွေ့ဆုံဆွေးနွေးစဉ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် လိုအပ်သော အခြေ ခံမူများကို တင်ပြခဲ့ကြသည်။

၂၀၂၂ ခုနှစ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နစကနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေး၍ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားသော်လည်း စုပေါင်းလက်မှတ်ရေးထိုးထားသည့် အပြီးသတ်သဘောတူညီမှုမျိုး မဟုတ်ပေ။

နစကအနေဖြင့် ဒီဇင်ဘာတွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်သော သဘောတူညီမှုများရရှိရန် မျှော်မှန်းထားသော်လည်း လက်ရှိအခြေအနေအထိ ထူးခြားသည့်အနေအထားမျိုး မရှိပေ။

NCA-S EAO ခုနစ်ဖွဲ့၏ အလွတ်သဘော ဆွေးနွေးရေးအဖွဲ့က နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် တရားဝင်စုပေါင်းတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သော်လည်း အကောင်အထည်မပေါ်ခဲ့ပေ။

နစကအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး  တရားဝင်ဆွေးနွေးရန် NCA-S EAO ခုနစ်ဖွဲ့ထံ ကမ်းလှမ်းခဲ့သော်လည်း ယင်းအကြောင်းအရာသည် ကျယ်ပြန့်လွန်းသဖြင့် NCA-S EAO ခုနစ်ဖွဲ့က လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

နစကနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများတွင် အဆိုပါအဖွဲ့များ NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ ပါ ဝင်ခဲ့သည်။

နစကနှင့် “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) တို့အကြား ဆွေးနွေးမှုတွင်မူ “၀” အဖွဲ့က ၎င်းတို့ အစဉ်တစိုက် တောင်းဆိုခဲ့ သည့် “၀” ပြည်နယ်ရရှိရေးကိုလည်း ပြန်လည်တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုချက်နှင့် ပတ်သက်၍ နစကဘက်က သဘောတူညီကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲအချို့တွင် ထည့်သွင်းပြောကြားသည်။

သို့သော်လည်း ယင်းကိစ္စသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်စပ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးမှသာ ခွင့်ပြုနိုင်မည့် အခြေအနေလည်းဖြစ်သည်။

နစကနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့အကြား တွေ့ဆုံဆွေးနွေးမှုတွင် ဒေသဖွံ့ဖြိုးရေး၊ တပ်နေရာချထားရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာကိစ္စများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှိသည့် SSPP တပ်စခန်းနေရာ အချို့ကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ရွှေ့ပြောင်းပေးရန် တပ်မတော်ဘက်က အစဉ်တစိုက် တောင်းဆိုခဲ့သော်လည်း ယင်းကိစ္စမှာ ပြေလည်မှု မရသေးပေ။

နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီးဖြစ်ကြောင်း ဧပြီ ၂၂ ရက် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်တွင် နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားထားသည်။

(၇၅) နှစ်ကာလ ကြာပြီဖြစ်သော လွတ်လပ်ရေး၏အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေး သည်ကို လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေသည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

ထိုသို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းအရာမှာ သဘောထား ကွဲလွဲမှုများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့်ဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

“ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ၊ လွတ်လပ်ရေးအနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ် ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်” ဟု နစကဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအခြေအနေမှာ တစ်ဖက်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တစ်ဖက်တွင်မူ တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေးအခြေအနေများကြောင့် ၂၀၂၂ ခုနှစ်တွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ယယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တပ်မတော်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တပ်မတော်ဘက်က လေကြောင်းပစ်ကူများဖြင့် ထိုးစစ် ဆင်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားသေဆုံးမှုများ ရှိခဲ့သည်။

ထို့သို့ ပြင်းထန်သောတိုက်ပွဲများကြောင့် များပြားလှစွာသော အရပ်သားများသည် လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ၍ ထွက်ပြေးတိမ်း ရှောင်နေရဆဲဖြစ်သည်။

စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများလည်း လိုအပ်ချက် ကြီးမားနေဆဲဖြစ်လည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ နစက အစိုးရအနေဖြင့် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်ထားသော်လည်း လက်ရှိအချိန်အထိ မငြိမ်းချမ်းမှုများကသာ လွှမ်းမိုးနေဆဲဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်မည်ဖြစ်သည်။


Eleven

0 comments:

Post a Comment