Thursday, January 5, 2023

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ သာမန်နိုင်ငံကူးလက်မှတ်များ အချိန်မီသက်တမ်းတိုးပေးနိုင်ရေး ဆွေးနွေး

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ သာမန်နိုင်ငံကူးလက်မှတ်များကို အချိန်မီ သက်တမ်းတိုးပေးနိုင်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသိန်းညွန့် ဦးဆောင်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ကြုံတွေ့လျက်ရှိသည့် အခက်အခဲများအား ဖြေရှင်းပေးနိုင်ရေးအတွက် ကာလတို/ကာလရှည် စီမံချက်များဖြင့် သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်း တိုးပေးနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပိုမိုညှိနှိုင်းဆောင်ရွက်ရန် နည်းလမ်းများ၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ်များ အချိန် မီသက်တမ်းတိုးပေးနိုင်ရေးအတွက်  လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားရန် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေး၊ သာမန်မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးနေမှုနှင့် အသစ်ထုတ်ပေးနိုင်ရေး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခြေအနေများအပေါ် အသီးသီးညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်တင်ရှိန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


Eleven

0 comments:

Post a Comment