Thursday, April 19, 2018

ထိုင်ဝမ်ရေလက်ကြားတွင် တရုတ်က ကျည်အစစ်ဖြင့်စစ်ရေးလေ့ကျင့်


ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေစဉ်မှာပဲ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်က ကျည်အစစ်သုံးပြီး စစ်ရေးလေ့ကျင့်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းဒေသရဲ့  လွတ်လပ်ရေးကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး တရုတ်က သတိပေးခဲ့အပြီးမှာပဲ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်ဟာလည်း ယခုသီတင်းပတ်အစောပိုင်းမှာ အလားတူစစ်ရေးလေ့ကျင့်မှုတစ်ခု စတင်ပြုလုပ်နေခဲ့တာပါ။

တရုတ်ရဲ့  စစ်ရေးလေ့ကျင့်မှုဟာ အင်အားပြခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ပုံမှန်ပြုလုပ်နေကြ လေ့ကျင့်မှုတွေအဖြစ် ရည်ညွှန်းကာ စစ်ရေးလေ့ကျင့်မှုတွေရဲ့  သိသာမြင်သာမှုကို လျှော့ချနေကြောင်း ပေကျင်းအစိုးရကို တိုင်ပေအရာရှိတွေက စွပ်စွဲခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ခွဲထွက်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် ရှုမြင်ထားပြီး တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့  ခြိမ်းခြောက်ထားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ထိုင်ဝမ်မှာ လွတ်လပ်ရေးထောက်ခံ သမ္မတ ရွေးကောက်တင်မြှောက်ခံလိုက်ရချိန်မှစကာ ပြည်မကြီးနဲ့  ဆက်ဆံရေးဟာ ပိုမိုတင်းမာလာခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ရဲ့  လွတ်လပ်ရေးလှုပ်ရှားမှုတွေကို သတိပေးဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း တရုတ်အစိုးရ အရာရှိတစ်ဦးက ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ မိမိတို့အမိမြေရဲ့  အချုပ်အချာအာဏာနဲ့  ပိုင်နက်နယ်မြေစုစည်းမှုကို စောင့်ရှောက်ဖို့ ရည်ရွယ်ကြောင်း တရုတ်နိုင်ငံရဲ့  ထိုင်ဝမ်ရေးရာရုံး ညွှန်ကြားရေးမှူး Liu Jieyi က ပြောဆိုခဲ့ပါတယ်။


ကိုလင်း ( အကုန်သိ သတင်းဌာန ) 

0 comments:

Post a Comment