Sunday, April 8, 2018

စစ်သမိုင်းပြတိုက်နေရာတွင်တည်ဆောက်မည့် ဟိုတယ်အဆောက်အအုံသည် ရွှေတိဂုံစေတီတော်ကန့်သတ်ဧရိယာနှင့် လွတ်ကင်းဟုဆို


ရန်ကုန်တိုင်းဒေသကြီး ရွှေတိဂုံဘုရားလမ်းရှိ တပ်မတော်စစ်သမိုင်းပြတိုက်နေရာတွင် တည်ဆောက်မည့် ဟိုတယ်အဆောက်အအုံသည် ရွှေတိဂုံစေတီတော်၏ ကန့်သတ်ဧရိယာနှင့် လွတ်ကင်းကြောင်း Y Complex Company Prpject မှ မန်နေဂျင်း ဒါရိုက်တာ ဦးဝင်းနိုင်ထွန်းက ပြောသည်။

တပ်မတော်စစ်သမိုင်းပြတိုက်နေရာတွင် တည်ဆောက်မည့် Y Complex Company Project ကို ဂျပန်နိုင်ငံအစိုးရ၊ ဂျပန်ကုမ္ပဏီများဖြစ်သည့် ဖူဂျီတာ၊ တိုကျိုတာတီမိုနို၊ Join ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ YTT ကုမ္ပဏီတို့ ပူးပေါင်းပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

“ ကျွန်တော်တို့က ဒီမြေနေရာပေါ်မှာ အစိုးရဆီက BOT စနစ်နဲ့ တရားဝင် ငှားရမ်းပြီး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟိုတယ်အဆောက်အအုံတွေ တည်ဆောက်တဲ့ နေရာမှာလည်း ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာနဲ့ လွတ်ကင်းအောင် တည်ဆောက်ထားသလို ရွှေတိဂုံစေတီတော်မြင်ကွင်းကို မကွယ်သွားအောင် သတ်မှတ်ထားတဲ့ အမြင့်ပေ ၁၉၀ အောက်ကို ၅ ပေကျော်လောက် နှိမ့်ပြီးတည်ဆောက်သွားမှာပါ” ဟု ဦးဝင်းနိုင်ထွန်းက ပြောသည်။

ယင်းစီမံကိန်းကိုဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက်များ ရယူပြီးဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်ပျက်စီးနိုင်သည်များကို ဆန်းစစ်ပြီးပါက မကြာခင်တွင် စတင်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံနှင့် ဂျပန်ကုမ္ပဏီ ၃ ခုတို့က အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း၊ စီမံကိန်း၏ ကုန်ကျစရိတ်ကို အမေရိကန်ဒေါ်လာ ၃၂၀ သန်း ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၂၀ ခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်သူရိန် (အကုန်သိသတင်းဌာန)


0 comments:

Post a Comment