Thursday, April 19, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့သို့ရောက်ရှိ


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု ၏ ဖိတ်ကြား ချက်အရ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ဗီယက်နမ် ဆိုရှယ် လစ်သမ္မတနိုင်ငံသို့ ထွက်ခွာသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးကျော်တင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် ဦးဆက်အောင်၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် မြန်မာအမျိုးသားလေကြောင်း လိုင်းအထူးလေယာဉ်ဖြင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr.Dang Dinh Quy ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး Mrs. Luan Thuy Duong ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက် ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင် များသည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Grand Plaza ဟိုတယ်သို့ ရောက်ရှိ ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၏ သူရဲကောင်းစစ်သည်ဗိမာန်သို့ရောက်ရှိပြီး လွမ်းသူ့ပန်းခွေချဂါရ၀ပြုသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံ သမ္မတအိမ်တော်၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု က ခရီးဦးကြိုဆို နှုတ်ဆက်သည်။

ရှေးဦးစွာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဂုဏ်ပြုတပ်ဖွဲ့က မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများတီးမှုတ်၍ အလေးပြုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် သည် ဗီယက်နမ် နိုင်ငံဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်ဝန်ကြီးချုပ်တို့သည် မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ အစိုးရအဖွဲ့ဝင်များအား အပြန်အလှန်မိတ်ဆက်ပေးကြပြီး ဂုဏ်ပြု တပ်ဖွဲ့၏ ချီတက်အလေး ပြုခြင်းကို ခံယူကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ဦးကျော်တင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူ၊ ဦးဆက်အောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် သမ္မတ ဟိုချီမင်းလက်ထက်တွင် စတင်သန္ဓေတည်ခဲ့ပြီး နှစ်နိုင်ငံ ခေါင်းဆောင်များအဆက်ဆက်နှင့် ပြည်သူများမှလက်ဆင့်ကမ်းခဲ့ကြသော မြန်မာ - ဗီယက်နမ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြသည့်အစဉ်အလာနှင့် အတူ တကွပူးပေါင်းဆောင်ရွက်မှုများကိုလည်းကောင်း၊ လွန်ခဲ့သည်နှစ်များအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးတွင် အပြုသဘောဆောင်သောတိုးတက်မှုများ အထူးသဖြင့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးအဆင့်သို့တိုးမြှင့်နိုင်ခဲ့ခြင်းကိုလည်းကောင်းသုံးသပ်ပြောကြားခဲ့ပြီး နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု၊ စိုက်ပျိုးရေး၊ ပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆက်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ပညာရေး စသည့်ကဏ္ဍစုံတွင်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူများအကြားအပြန်အလှန် ထိတွေ့ဖလှယ်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ တက်ရောက်သည်။

လက်မှတ်ရေးထိုးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီး ချုပ်တို့ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်နှင့် ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ ဖန်းသမ်း တို့က မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား စာတိုက်၊ ဆက်သွယ်ရေး၊ သတင်းအချက်လက်နှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး မစ္စတာ ဖန်းသမ်း တို့ကနှစ်နိုင်ငံအကြား ပြန်ကြားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း အပြန်အလှန် လက်မှတ်ရေး ထိုးကြသည်။

ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် International Conference Center ၌ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ငုယင်စွမ်းဖု က တည်ခင်းဧည့်ခံသည် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်က ကြိုဆိုနှုတ်ဆက်သည်။

ညစာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်တို့ သည် ဂုဏ်ပြုနှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ညစာကိုအတူတကွသုံးဆောင်ကြသည်။





















Myanmar State Counsellor Office

0 comments:

Post a Comment