Thursday, April 19, 2018

မန္တလေးစည်ပင် သင်္ကြန်အခွန် ရှင်းတမ်းထုတ်ရန်စီစဉ်


မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် သင်္ကြန်ကာလအတွင်း ရရှိထားသည့် အခွန်ငွေများနှင့်ပတ်သက်၍ ဘဏ္ဍာရေးရှင်းတမ်းထုတ်ရန် စီစဉ်နေကြောင်း ယင်းကော်မတီထံမှ သိရသည်။

“ဘယ်လောက်ရတယ်ဆိုတဲ့ Amount (ငွေပမာဏ) အခုချိန်မပြောနိုင်သေးဘူး။ စာရင်းမချုပ်ရသေးဘူး။ ဒါတွေကို ပွင့်လင်းမြင်သာစွာဖြစ်အောင် ဘဏ္ဍာရေးရှင်းတမ်းထုတ်မယ်။ ဒိုင်လျှို ဘတ်ဂျက်၊ ဘတ်ငွေမထားဘူး”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

ယခုနှစ် သင်္ကြန်ကာလ ကျုံးပတ်လည်မဏ္ဍပ်များ လေလံတင်ရောင်းချရငွေ၊ လမ်းလျှောက်သင်္ကြန်တွင် မဏ္ဍပ်များ နေရာချထားငွေ၊ နေ့ခင်းပိုင်းတွင်ဖွင့်သည့် စားသောက်ဆိုင်ခန်းများအတွက် နေရာရောင်းချရငွေနှင့် သတ်မှတ်ပေထက် ပိုမိုဆောက်လုပ်သော မဏ္ဍပ်များကို ဒဏ်ရိုက်ငွေ စသည်ဖြင့် သင်္ကြန်ပွဲတော် ကျင်းပရေးနှင့်ပတ်သက်၍ အခွန်ငွေများ ရရှိထားကြောင်း ယင်းကော်မတီထံမှ သိရသည်။

ကျုံးပတ်လည်တွင် ဆောက်လုပ်ခွင့်ရသော မဏ္ဍပ်များအနက် သတ်မှတ်ပေထက် ပိုမိုဆောက်လုပ်သည့် မဏ္ဍပ်များကို ဒဏ်ရိုက်ရာမှရသည့် ဒဏ်ကြေးတစ်ခုတည်းပင် ကျပ်သိန်း ၂၀၀ ကျော်ရရှိထားကြောင်း၊ ရရှိထားသည့် အခွန်ငွေများကို မြို့တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲမည်ဖြစ်ကြောင်း၊ ယခင်နှစ်က သင်္ကြန်ကာလအတွင်းကရသော အခွန်ငွေများကို အမှိုက်ကားများ ဝယ်ယူရာတွင် အသုံးပြုကြောင်း ဦးကျော်ဆန်းမြင့်က ထပ်မံပြောဆိုသည်။

သင်္ကြန်ကာလအတွင်း တရားမဝင် ယာဉ်ရပ်နားစခန်းဖွင့်လှစ်မှု ၅၃ ခုနှင့် သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံသော ယာဉ်ရပ်နားစခန်း ရှစ်ခုရှိခဲ့ရာ အဆိုပါ လုပ်ငန်းလုပ်ကိုင်သူများကို အမည်ပျက် စာရင်းသွင်းသည့်နည်းဖြင့် အရေးယူရန် မန္တလေးမြို့တော်စည်ပင်က စီစဉ်ထားသည်။   

The Voice

0 comments:

Post a Comment