Sunday, April 8, 2018

အစိုးရ၏ လက်ကျန်သက်တမ်းအတွင်း ပင်လယ်ဝ၌ ဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်မည်



အစိုးရအနေဖြင့် ကျန်ရှိသည့် သက်တမ်း သုံးနှစ်တာကာလအတွင်း ပင်လယ်ဝဘက်၌ ဆိပ်ကမ်းသစ်တစ်ခုကို တည် ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။

ဧပြီ ၂ ရက် နံနက် ၉ နာရီ က မင်းရဲကျော်စွာလမ်းပေါ်ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ သည့် ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံသည့် အစည်းအဝေးတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာရှိတဲ့ ရေကြောင်းတွေကို အသုံးမချတတ်ကြသေးဘူး။ ဒါကြောင့် ရေကြောင်းကို အသုံးပြုနိုင်ဖို့ အတွက် ဆိပ်ကမ်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ဆိပ်ကမ်းတွေ အားလုံးထဲမှာမှ ရန် ကုန်ဆိပ်ကမ်းကို အများဆုံး အသုံးပြုကြတာ များပါတယ်။ ဒါကြောင့် ရန်ကုန်ဆိပ်ကမ်းကိုလည်း မဖြစ်မနေ အဆင့်မြှင့်တင်ဖို့ လိုအပ်တယ်”ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ မြန်မာနိုင်ငံအတွင်း၌ ဆိပ်ကမ်း ကိုးခုရှိပြီး ရန်ကုန်ဆိပ်ကမ်းတွင် ၉၅ ရာခိုင်နှုန်း ကုန်အတင်အချ ပြုလုပ်နေကြောင်း သိရသည်။

ပင်လယ်ဝဘက်တွင် ဆိပ်ကမ်းသစ် တစ်ခုတည်ဆောက်ပြီးစီးပါက မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေ သည့် ကုန်းတွင်းဆိပ်ကမ်းများနှင့် ချိတ်ဆက်၍ ကုန်သွယ်မှု ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့်လည်း အဓိက ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

လက်ရှိအသုံးပြုနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ၉ မီတာရေစူးအနက်သာ ဆိုက်ကပ်နိုင်ပြီး ပြည်ပသင်္ဘော၏ average ၂ သောင်းနှင့် ပြည်တွင်းသင်္ဘော၏ အလေးချိန် ၁၅၀၀၀ ကိုသာ လက်ခံနိုင်သည့်အတွက် ကုန်သေ တ္တာယာဉ်များ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းမရှိခြင်းကြောင့် ဈေးကွက် စီးပွားရေးစနစ်အရများစွာ နောက်ကျနေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကမ်းခြေ၌ ရေနက်ဆိပ်ကမ်းတည်ဆောက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားဖူးသော်လည်း ရန်ကုန် တွင် ရေနက်ဆိပ်ကမ်း တည် ဆောက်နိုင်လောက်သည့် ရေအနက်မရှိခြင်းကြောင့် ရန်ကုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းအကောင်အထည်ဖော်၍ မရကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ပြန်လည်ပြောကြားထားသည်။

စုသက်နှင်း
AKonThi

0 comments:

Post a Comment