Sunday, April 8, 2018

မလှိုင်တွင် သင်္ကြန်မဏ္ဍပ် ၁၀၀ ကျော်ကို ခွင့်ပြုထားဟုဆို


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် ယခုနှစ်မဟာသင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ် ၁၀၀ ကျော်ကို ခွင့်ပြုမိန့်ပေးထားကြောင်း မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် သင်္ကြန်တွင် မလှိုင်မြို့နယ်၌ ဗဟိုရေကစားမဏ္ဍပ်မပါရှိသော်လည်း တစ်မြို့နယ်လုံးတွင် ရေကစားမဏ္ဍပ် ၁၁၇ ခုကို ခွင့်ပြုထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးငွေဒိုးက ပြောသည်။

“ ဒီနှစ် မလှိုင်မှာ ဗဟိုရေကစားမဏ္ဍပ် မပါပေမယ့် တစ်မြို့နယ်လုံးမှာ ရေကစားမဏ္ဍပ်ပေါင်း ၁၁၇ ခုကို ကျွန်တော်တို့ ဌာနမှ ခွင့်ပြုပေးထားပါတယ်။ ခုနှစ် သင်္ကြန်ကာလအတွင်းမှာ လုံခြုံရေးအနေနဲ့ သက်ဆိုင်ရာဌာနတွေက အထူးဆောင်ရွက်ပေးသွားမှာပါ။ ယခင်နှစ် မဟာသင်္ကြန်တုန်းကတော့ ဗဟိုရေကစားမဏ္ဍပ်ပါတယ်။ ဒီနေရာမှာပြောချင်တာက ဗဟိုမဏ္ဍပ်တစ်ခုတည်ဆောက်မယ်ဆိုရင် အရမ်းကို ငွေကုန်ကြေးကျများပါတယ်။ နောက်တစ်ခုက မဟာသင်္ကြန်ကာလမှာ ဌာနဆိုင်ရာဝန်ထမ်းတွေဟာ ရုံးပိတ်ရက် ၅ ရက်ပဲ ရှိတော့ သူတို့ ကို နားလည်ပေးတာလည်း ပါတယ်” ဟု ဦးငွေဒိုးက ပြောသည်။

ဗဟိုရေကစားမဏ္ဍပ်ပြုလုပ်မည် ကုန်ကျစရိတ်များကို ကုသိုလ်ကောင်းမှုများ ပြုလုပ်ပေးသည့်အနေနှင့် မလှိုင်မြို့ရှိ သက်ကြီးဘိုးဘွားများကို ကန်တော့သွားမည်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း ၃၇ ကျောင်းမှ ဆရာတော်များကို ပင့်ဖိတ်၍ ကုသိုလ်ဒါနများ ပြုလုပ်ရန် စီစဉ်ပေးထားကြောင်း ၎င်းက ပြောသည်။

“ ဒီနှစ်မဟာသင်္ကြန်ကာလမှာ တရားမဝင် အရက်ဆိုင်၊ ဆေးဆိုင်တွေမှာ ရောင်းချခွင့်မရှိသည့် ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တည်းခိုခန်းလုပ်ငန်းရှင်စတဲ့ မြို့နယ်အတွင်းက လုပ်ငန်းရှင်တွေကိုလည်း ကျွန်တော်တို့ဌာနအနေနဲ့ သင်္ကြန်ကြေးဆိုပြီး ငွေကြေးတောင်းယူကောက်ခံခြင်းလည်းမရှိပါဘူး။ ဒါပေမဲ့ လုပ်ငန်းရှင်တွေအနေနဲ့ တရားဝင်အစည်းအဝေးခေါ်ယူပြီး သူတို့တတ်နိုင်သလောက် ငွေကြေးလှူဒါန်းကြသူတွေတော့ရှိပါတယ်” ဟု ဦးငွေဒိုးကပြောသည်။

ယခုနှစ်သင်္ကြန်ကာလတွင် ဗဟိုရေကစားမဏ္ဍပ်မပါရှိခြင်းကြောင့် ဒေသခံပြည်သူများက ဝေဖန်လျက်ရှိကြောင်း သိရသည်။

“ ဗဟိုရေကစားမဏ္ဍပ်မပါတာ မဖြစ်သင့်ပါဘူး။ ဘာလို့လဲဆိုရင် မလှိုင်ဆိုတာ အစိုးရရုံးစိုက်ရာဒေသဖြစ်ပြီး တခြားရေကစားမဏ္ဍပ်တွေထက်စာရင် ဗဟိုရေကစားမဏ္ဍပ်မှာပဲ သင်္ကြန်အကအလှတွေကို ကြည့်ရှုကြတာပါ။ ဒီနှစ်မပါတော့တာကြောင့် ပြည်သူတွေအနေနဲ့ ဝမ်းနည်းမိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မလိုင်မြို့နယ်တွင် မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၆ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာရှိပြီး လူဦးရေ ၂ သိန်းခန့်နေထိုင်ကြကြောင်း သိရသည်။

ကျော်ကျော် - မလှိုင် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment