Friday, April 20, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဗီယက်နမ်နိုင်ငံ ချစ်ကြည်ရေးခရီးမှ ပြန်လည်ရောက်ရှိ



ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ Viettel Group’s ဥက္ကဋ္ဌ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံး ၀န်ထမ်းများနှင့် မိသားစုဝင်များအားတွေ့ဆုံပြီး ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေအိမ်ကို ကြည့်ရှုလေ့လာသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ် - မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Chu Cong Phung နှင့် အဖွဲ့အား ဒေသစံတော်ချိန်နံနက် ၉ နာရီခွဲတွင် ခေတ္တတည်းခိုသည့် ဟနွိုင်းမြို့ Grand Plaza Hotel ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Viettel Group’s President , MajorGeneral Nguyen Manh Hung နှင့် တွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Bank for Investment Development of Vietnam (BIDV) အမှုဆောင်အရာရှိချုပ် Mr. Phan Duc Tu ဦးဆောင်သည့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗီယက်နမ်လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ၄င်းတို့ကြုံတွေ့နေရသည့် အခွင့်အလမ်းများနှင့် အခက်အခဲများကို ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနေထိုင်ခဲ့သည့် နေအိမ်အား သွားရောက် ကြည့်ရှုလေ့လာရာ သတင်းပြန်ကြားရေးနှင့် ပညာပေးဌာနအကြီးအကဲ Ms . Cu Thi Minh က လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်းနေအိမ် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ဟိုချီမင်းနေအိမ်ဝန်းအတွင်း လှည့်လည်ကြည့်ရှုသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံရုံး၌ မြန်မာသံရုံးနှင့် စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအားတွေ့ဆုံ အမှာစကားပြောကြားပြီး ဗီယက်နမ်နိုင်ငံတွင် ရောက်ရှိနေကြသည့် ပညာတော်သင်များနှင့် မြန်မာနိုင်ငံသားများအား တွေ့ဆုံသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ်ရုံးသို့ ရောက်ရှိပြီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေး မှူး H.E. Mr. Nguyen Phu Trong နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ အစိုးရ၊ လွှတ်တော်၊ ပါတီနှင့် ပြည်သူ တို့အကြား ထိတွေ့ဆက်ဆံမှုပိုမိုတိုးမြှင့်ရေး အထူးသဖြင့် လူငယ်ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန်စေလွှတ်ရေး ၊ အာဆီယံ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးသို့ရောက်ရှိပြီး ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E.Madame Nguyen Thi Kim Ngan နှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ မြန်မာ - ဗီယက်နမ် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား လေ့လာရေးခရီးစဉ်များ အပြန် အလှန်စေလွှတ်ရေးနှင့် လွှတ်တော်ဥပဒေပြုရေုးလုပ်ငန်းစဉ်ဆိုင်ရာများ၊ ဗီယက်နမ် နိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွေ့အကြုံများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြရာ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Mr.Dang Dinh Quy ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး Mrs. Luan Thuy Duong ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများ က လေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုး သားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission MR. Le Gia Thinh နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ကြသည်။


















Myanmar State Counsellor Office

0 comments:

Post a Comment