Thursday, April 19, 2018

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အတိုင်း လူ့အခွင့်အရးချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်မည်


နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ လမ်းညွှန်ချက်အတိုင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရန် ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဟု ကြေညာချက်တစ်စောင်ကို ဧပြီလ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးဘုန်းကြွယ် က ဧပြီလ ၁၉ ရက်တွင် အကုန်သိသတင်းဌာနကို ပြောသည်။

ယနေ့ ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆုမွန်ကောင်းတောင်းလျှက် နှုတ်ခွန်း ဆက်သအပ်ပါသည်။

ကော်မရှင်သည် လူ့အခွင့်အရေး မြှင့်တင်ခြင်းနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး စသည့် ပင်မ တာဝန်ကြီးနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာန၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၊ ဥပဒေရေးရာဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ဟူ၍ လုပ်ငန်းတာဝန်များ ဆောင်ရွက်လျှက်ရှိပါသည်။

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ကော်မရှင်သည် ကမ္ဘာပေါ်ရှိ အခြားသော အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ကျင့်သုံးကြသကဲ့သို့ပင် ဥပဒေအကြောင်းအရ စည်းနှောင်မှု မရှိသည့် ဆုံးဖြတ်ချက် ချမှတ် အရေးယူခြင်းကို ဆောင်ရွက်ပိုင်ခွင့် မရှိသော်လည်း လွတ်လပ်သော နိုင်ငံတော် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည့် အားလျော်စွာ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်တို့သို့ အစီရင်ခံစာတင်သွင်းခြင်းနှင့် လူ့အခွင့်အရေး ဖောက်ဖျက်မှုအပေါ် စုံစမ်းတွေ့ရှိချက်များနှင့် ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းချက်များကို သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများသို့ ပေးပို့ခြင်း စသည်တို့ကို ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျှက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက် တွင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် တရားဥပဒေမဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုများကို နိုင်ငံသူ နိုင်ငံသားများနှင့် နောင်မျိုးဆက်များ မခံစားစေရေး အတွက် လူ့အခွင့်အရေးကော်မရှင် အနေဖြင့် မှန်မှန်ကန်ကန် ဆောင်ရွက်စေလိုကြောင်း လမ်းညွှန်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အနေဖြင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ လူ့အခွင့်အရးချိုးဖောက်ခံရမှုများကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ အနေဖြင့်လည်း ကော်မရှင်၏ အကြံပြု တိုက်တွန်းချက်များအပေါ် အလေးထား ဆောင်ရွက်ကြပါရန်ဟု ပါရှိသည်။

အောင်သူရိန် 
AKonThi

0 comments:

Post a Comment