Sunday, April 8, 2018

ယခင်အစိုးရလက်ထက်က ဦးတည်ချက်များထုတ်ပြန်သော်လည်း ယခုအစိုးရလက်ထက်တွင် ထုတ်ပြန်သည်ကိုမတွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌပြော


ယခင်အစိုးရလက်ထက်က ဦးတည်ချက်များကို ထုတ်ပြန်သော်လည်း ယခုအစိုးရလက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မည်သည်ကို ဦးတည်၍ ဘာတွေဆောင်ရွက်နေသည်ကို ပြည်သူလူထုထံထုတ်ပြန်သည့် ထုတ်ပြန်ချက်မတွေ့ရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ဧပြီ ၈ ရက် နေ့လယ် ၁ နာရီက ကျင်းပသည့် စိမ်းလန်းရွှေပြည်စာပေပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အရင်အစိုးရကာလတုန်းကတော့ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ အမျိုးသားရေး စရိုက်လက္ခဏာတွေ မပျောက်အောင်ထိန်းသိမ်းစောင့်ရှောက်မယ်လို့ အစိုးရဦးတည်ချက်ထဲမှာကို ထည့်သွင်းထားပါတယ်။ အခုကာလမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးမှာ ဘယ်ကို ဘာလုပ်မယ်ဆိုတာ အစိုးရက ပြည်သူကို ထုတ်ပြန်တာ မတွေ့ရပါဘူး” ဟု USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။

နိုင်ငံတစ်နိုင်ငံတွင် လူမျိုးတစ်မျိုး အဓွန့်ရှည်တည်တံ့ရန်မှာ မျိုးချစ်စိတ်အရေးကြီးကြောင်း၊ အလားတူ အမျိုးသားယဉ်ကျေးမှုနှင့်အတူ ရိုးရာဓလေ့များ မတိမ်ကောမပပျောက်ရန်လည်း လိုအပ်ပြီး ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားရေးကို အစိုးရ၏ ကူညီပံ့ပိုးမှုမပါဘဲ တည်တံ့ရန်မှာ မလွယ်ကူကြောင်း ၎င်းက ပြောသည်။

“ ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအလုပ်အမှုဆောင်ကလည်း ဒါတွေကို လုပ်ဆောင်နေပါတယ်” ဟု ဦးသန်းဌေးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဗမာကဗျာများကို ခေတ်ပေါ်မော်ဒန်ကဗျာများနှင့် နှိုင်းယှဉ်ပြောကြားသည့် ဖြစ်စဉ်တစ်ခုကို ဥပမာပေးပြောကြားခဲ့ကြောင်း သိရသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန)
AKonThi

0 comments:

Post a Comment