Sunday, April 8, 2018

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းမှုပြုလုပ်ရမည်ဟု NLD ပြောကြား


၂၀၀၈ ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဟု အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏တရား ၀င်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကThe Ladies News သို့ (ဧပြီ ၈ ) တွင် ပြောကြားခဲ့သည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော်လာသည့်အချိန်အထိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အကောင်အထည်ဖေါ်နိုင်ခြင်းမရှိမှု့ အပေါ် ဝေဖန်ပြောဆိုနေမှုများနှင့် ပတ်သက်ပြီး The Ladies News ၏ မေးမြန်းချက်ကို ၄င်းက ပြန်လည်ဖြေကြားခဲ့လည်းဖြစ်သည်။

" ကျွန်တော်တို့ကအခြေခံဥပဒေပြင်ဆင်ရေးကိုအစဉ်တစိုက်လုပ်ဆောင်နေပါတယ်။ လတ်တလောမှာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အထူးသဖြင့် တပ်မတော်နဲ့ ညှိနှိုင်းမှု လုပ်ရမှာဖြစ်ပါတယ်။ အဲဒီညှိနှိုင်းဖို့လိုအပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ၊နောက် အုပ်ချုပ်မှုဆိုင်ရာကိစ္စလေးတွေမှာ အဆင်သင့်မဖြစ်သေးတဲ့အတွက် ဒါကိုပြင်ဆင်လို့မရခြင်းဖြစ်ပါတယ် " ဟု ဒေါက်တာမျိုးညွှန်က့ ပြောကြားသည်။

ပြင်ဆင်၍ မရသေးသည့် ယခုအချိန်တွင် ပြင်ဆင်ရန်ကြိုးပမ်းပါက အမျိုးသားပြန်လည်သင့်မြတ်ရေးတွင် ထိခိုက်ကာ အခြေခံဥပဒေပြင်ဆင်ရေးသည်လည်း ပိုမိုနှောင့်နှေးသွားမည်ဟု ၄င်းကဆိုသည်။

ဧပြီလ ၇ရက်နေ့က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင်ပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ၌ သဘာပတိအဖွင့်ဝင်ဦးဝင်းထိန်က မိန့်ခွန်းပြောကြားရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည်ပြင်ဆင်၍မရအောင်ပြုလုပ်ထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကန့်သတ်ချက်များကြောင့်လုပ်ငန်းတချို့တွင်လည်း အခက်အခဲများရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ပြောကြားချက်နှင့် ပတ်သက်ပြီး ဒေါက်တာမျိုးညွှန့်က " အန်ကယ်ဦးဝင်းထိန်ပြောသွားတာမှန်ကန်ပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အင်အားက ခွဲဝေအုပ်ချုပ်ရသလိုဖြစ်နေပါတယ်၊ အဲဒီအခါမှာ အုပ်ချုပ်ခွင့်အာဏာက ကျွန်တော်တို့မှာ အခက်အခဲလေးတွေ အများကြီးပဲရှိပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုထိခိုက်မှာ စိုးတဲ့အတွက် ကျွန်တော်တို့က အရာရာကိုချင့်ချင့်ချိန်ချိန်နဲ့ လုပ်ရတဲ့အခါမှာ ကျွန်တော်တို့ နှောင့်နှေးမှုတွေတော့ရှိတာ မှန်ပါတယ်" ဟု ၄င်းကပြောကြားသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပါသည့် ၀န်ကြီးဌာနသုံးခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနမှ ၀န်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းကာ သမ္မတက ခန့်အပ်ရသောကြောင့် အဆိုပါဝန်ကြီးဌာနများသည် နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု့ အောက်တွင်ရှိမနေကြောင်း NLD အစိုးရ စတက်လာသည့် အချိန်ကတည်းက ဝေဖန်မှုများကျယ်ပြန့်စွာရှိခဲ့သည်။

" ကျွန်တော်တို့က လိုအပ်တဲ့သဘောတူညီမှုရပြီးရင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ လျှင်လျှင်မြန်မြန်ပြင်ဆင်လို့ ရမှာပါ။ အဲဒီလိုအခြေအနေ မရောက်သေးခင်မှာတော့ သတိကြီးနဲ့နဲ့ပဲ ကျွန်တော်တို့ လုပ်ဆောင်သွားတာ အသင့်တော်ဆုံးဖြစ်မယ်လို့ပြောချင်ပါတယ်" ဟု ဒေါက်တာမျိုးညွှန့်က ပြောကြားသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးစဉ်က ၂၀၀၈ ဖွဲ့ စည်းပုံပြင်ဆင်ရေးကိုဆောင်ရွက်မည်ဟု မဲဆန္ဒရှင်များကိုကတိပေးခဲ့သည်။ အဆိုပါကတိသည် NLD ပါတီ၏ ကတိက၀တ်သာမကမြန်မာနိုင်ငံ၏ ရှေ့ အနာဂတ်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့်အချက်တစ်ချက်လည်းဖြစ်သည်ဟု ၄င်းကပြောကြားသည်။

နိုင်ငံတော်သမ္မတသစ်ဦးဝင်းမြင့်၏ မိန့်ခွန်းထဲတွင်လည်းအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားထားသည်။

အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment