Monday, July 16, 2018

အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သော ကိုကျော်မျိုးရွှေ အမှု နောက်တစ်ပတ်တွင် အမိန့်ချမည်


မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်မှာ အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် ဖမ်းစီးခံရသည့် ကိုကျော်မျိုးရွှေ အား ဇူလိုင်လ ၂၅ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော်မျိုးရွှေ အား ဇူလိုင်လ (၁၆) ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အပြီးသတ်လျှောက်လဲချက်တင်ခဲ့သည်။

" ဒီနေ့အပြီးသတ်လျှောက်လဲချက်တင်တယ် ။ သက်သေတွေအကုန်စစ်ပြီးသွားတော့ နောက်ဆုံး တရားရုံးလုပ်ထုံး လုပ်နည်းအတိုင်း လုပ်တာပါ " ဟု ချမ်းမြသာစည်မြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလိုပြုလုပ်ပြီး သပိတ်စခန်းမှာပါဝင်သည့် ကိုကျော်မျိုးရွှေပါ (၅) ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ကာ (၄) ဦးမှာ လွတ်မြောက်နေကြောင်း သိရသည်။

ထို့အပြင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အဖမ်းစီးခံ သံဃာ (၆) ပါးကို ၂၀၁၇ ဒီဇင်ဘာလ ၂၇ ရက်နေ့ က ချမ်းမြသာစည်မြို့နယ် တရားသူကြီး မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံရန်အမိန့်ချခဲ့ပြီးဖြစ်သည် ။

ပုံစာ - ရုံးချိန်းတစ်ခုတွင် တွေ့မြင်ရသည့် ကျော်မျိုးရွှေ (ဝံသူနုအားမာန်)
The Fifth Wave News


0 comments:

Post a Comment