Tuesday, July 17, 2018

မင်းလှမြို့နယ်တွင် အထောက်ထားမဲ့ ဝင်ရောက်လာသူ ၅ ဦးကို ဖမ်းဆီးအရေးယူ


မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သခွတ်ရင်းကျေးရွာနဲ့ ခါးဇက်ကျေးရွာကြားမှာ ဇူလိုင် ၁၆ ရက် ညနေ ၅ နာရီခွဲလောက်က အထောက်ထားမဲ့ ဝင်ရောက်လာသူ  ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မင်းလှမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။

ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းက “မနေ့ကလည်း ၁၅ ယောက် မိခဲ့တယ်။ အထောက်ထားမဲ့ ခိုးဝင်သူတွေကို ပူးပေါင်းဖော်ထုတ်ဖမ်းဆီးဖို့ ပုသိမ်-မုံရွာ ကားလမ်းတလျှောက် ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်စပ်တဲ့ ကျေးရွာတွေမှာရှိတဲ့ အမာခံ သတင်းပေးတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို  သတင်းအချက်လက်တွေ ချပြခဲ့တယ်။ သခွတ်ရင်းကျေးရွာက ရာအိမ်မှူး ဦးမြင့်သိန်းက ကျေးရွာရဲ့ အနောက်ဘက် ၃ မိုင်လောက် အကွာ သခွတ်ရင်းနဲ့ ခါးဇက်ကျေးရွာကြားမှာ မသင်္ကာစရာ လူ ၅ ဦး တွေ့ရှိပြီး ခါးဇက်ကျေးရွာ ရွာလယ်ဇရပ်မှာ ထိန်းသိမ်းထားတယ်လို့ အကြောင်းကြားတဲ့အတွက် ဖမ်းဆီးခေါ်ဆောင်ပြီး မင်းလှမြို့နယ် လ.ဝ.က ကို ပို့ဆောင်ခဲ့တယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါအထောက်ထားမဲ့ ခိုးဝင်လာသူ ၅ ဦးကို လ.ဝ.က က မှတ်ပုံတင် အက်ဥပဒေနဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မင်းလှမြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း အထောက်ထားမဲ့ ခိုးဝင်လာသူ ၁၀၅ ဦးနဲ့ အခကြေးငွေယူပြီး ပို့ဆောင်သူ ၉ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မင်းထီး
DVB

0 comments:

Post a Comment