Monday, July 16, 2018

အိန္ဒိယနိုင်ငံဘက်မှ ပုဒ်မ ၁၄၄ ထုတ်ထားခြင်းကြောင့် နယ်စပ်တစ်လျှောက်တွင် သတိထားသွားလာကြရန် တမူးမြို့ ရပ်ကွက်အသီးသီး အသိပေးအကြောင်းကြားထား


အိန္ဒိယနိုင်ငံမှ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားခြင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ် တစ်လျှောက်တွင် သတိထားသွားလာကြရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ပေါ် ရပ်ကွက်အသီးသီးတွင် နေထိုင်သော ပြည်သူများသို့ အသိပေးအကြောင်းကြားထားသည်ဟု သိရသည်။

“ဟိုဘက်က ( အိန္ဒိယနိုင်ငံ ) သူတို့ထွက် ထားတဲ့စာကို တမူးခရိုင်ကို ပေးတယ်။ ခရိုင် အုပ်ချုပ်ရေးမှူးကလည်း တစ်ဆင့်ပြန်ပြီးတော့ ဟိုဘက်ကမ်းက အမိန့်ထုတ်ထားတာကို သိအောင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တစ်ဆင့် စာထုတ်ညွှန်ကြားတယ်။ လတ်တလောတော့ ထူးထူးခြားခြားတော့ လုပ်မထားဘူး။ ဒါနဲ့ ကျွန်တော်တို့က ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ပြည်သူတွေ သိအောင်တော့ လုပ်ထားတယ်။ အရေးတကြီးကတော့ ဘာမှမသိဘူး။ သူတို့ ၁၄၄ ကလည်း ခြောက်လကြီးဆိုတော့ ဒါမျိုးတစ်ခါမှလည်း မကြားဖူးဘူး။ ဟိုတုန်းက ပိတ်တယ်ဆိုရင်လည်း လေး၊ ငါးရက်လောက် ပိတ်တာ။ အခုဟာ ညပိုင်းလောက်ပဲပိတ်တာ။ နေ့လည်း မဟုတ်ဘူး။ ညသူတို့ ၇ နာရီနဲ့ ၄ နာရီဆိုတော့ ကျွန်တော်တို့ မြန်မာစံတော် ချိန်နဲ့ဆိုရင်တော့  ည ၈ နာရီ နဲ့ နံနက် ၅ နာရီ ဖြစ်မှာပေါ့။ ညပိုင်းမှာ နယ်စပ်တွေပဲ ပိတ်ထားတာ။ နယ်စပ်စည်းရိုးတစ်လျှောက်ကိုပဲ။ ကျွန်တော်တို့ကတော့ ရာအိမ်မှူးကတစ်ဆင့် ဆယ်အိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေကတစ်ဆင့် ပြည်သူတွေကိုပေါ့။ သိပ်ထူးခြားတာ မရှိသေးတော့ အသံချဲ့စက်တွေနဲ့ အော်တာမရှိဘူး။ နယ်စပ်ဘက်မှာတော့ ထူးခြားမှုမရှိဘူး။ မ၀င်ရတာလည်း မရှိဘူး။ ပုံမှန်သွားနေကြတာ။ တော်ကြာမသိလိုက်မှာစိုးလို့။ ကျွန်တော်တို့ဆီက မနက်ပိုင်းဆိုရင် ဆန်လေးဘာလေး ပို့တာရှိတယ်။ သစ်ကလေး ဘာလေး ခိုးတာလေးတွေ ရှိတယ်။ အမိန့်ထုတ်ထားတဲ့အချိန် သွားနေရင် ပြဿနာတက်မှာ စိုးလို့။ တရားဝင် ရောင်းဝယ်တဲ့  သူတွေအတွက်တော့ အနှောင့်အယှက် မရှိပါဘူး။ ပုံမှန်လုပ်နေကြတာပဲ” ဟု တမူးမြို့ ဈေးတန်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြောကြားသည်။

အိန္ဒိယနိုင်ငံမှ ထုတ်ပြန်ထားသော ကြေညာချက်တွင် အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ပတ်လည်နယ်စပ်မှ သုံးကီလို မီတာအကွာအဝေးအတွင်း လူငါးဦးထက် ပိုမိုစုဝေးခြင်း၊ တားမြစ်ထားသော လက်နက်များ ကိုင်ဆောင်ခြင်း၊ တုတ်၊ လှံ၊ ဓာတု ပစ္စည်းနှင့် သေစေနိုင်သော လက်နက်ကိရိယာများကို ကိုင်ဆောင်ခြင်းကို တားမြစ်ထားပြီး ည ၇ နာရီ မှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် ဖော်ပြပါရှိသည်။

“နယ်စပ်မှာကတော့ ကုန်စည်စီးဆင်းမှုက ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ ဟိုဘက်က (အိန္ဒိယနိုင်ငံ) ကားလမ်းပိတ်ထားတယ် ပြောတယ်။ ရပ်ကွက်လေးရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို ရုံးစာနဲ့ အကြောင်းကြားပြီး ပြောခိုင်းထားတာ ညဘက် မသွားလာကြဖို့ပေါ့။ ဟိုဘက်က သေနတ်က ခဏခဏပစ်နေတာ။ မတော်တဆ ပစ်ခတ်မိမှာစိုးလို့။ သေနတ်သံက ခဏခဏ ကြားနေရတယ်။ ဒီနေ့ မဟုတ်ရင် မနက်ဖြန်ကြားနေရတယ်။ မနက်ခင်းမဟုတ်ရင် ညနေ ကြားနေရတာပဲ။ မိုရေးမြို့ကနေ သုံးကီလိုမီတာပတ်လည်အတွင်းလို့ ပြောတာလေ။ အရောင်းအ၀ယ်က အေးဆေးပါ။ သေနတ်သံက ညပိုင်း အများဆုံးကြားရတာ။ ညနေမိုးချုပ်စဆို တစ်ချက်တလေ ကြားရတယ်” ဟု နယ်စပ်တွင် ကုန်ပို့လုပ်ငန်းလုပ်နေ သူတစ်ဦးက ပြောကြားသည်။



အောင်သူထွန်း
Eleven Media Group


0 comments:

Post a Comment