Monday, July 16, 2018

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ်အမြင့်ပေ ၄၉ မီတာနှင့် အကျယ် မီတာ ၃၇၀ ထားရှိရန် အပြီးသတ်သဘောတူညီမှုရရှိ


ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ် အမြင့်ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာ ထားရှိရန် အပြီးသတ်သဘောတူညီမှုရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်း၏ ပင်မတံတားပုံစံ ညှိနှိုင်းမှုအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အပြီးသတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တံတားပုံစံအား အပြီးသတ် ညှိနှိုင်းမှုများပြီးဆုံး၍ ကိုရီးယား Consultant ကုမ္ပဏီမှ ပင်မတံတားပုံစံအသစ်အား ရေးဆွဲနေကြောင်း သိရသည်။

֧အခုကတော့ ပင်မတံတားပုံစံကို ရေလမ်းကင်းလွတ်အမြင့်ပေ ၄၉ မီတာနဲ့ အကျယ် ၃၇၀ မီတာထားရှိဖို့ အပြီးသတ်သဘောတူ ညီမှုရရှိသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်ကလည်း အတတ်နိုင်ဆုံးဖြစ်နိုင်မယ့် အကျယ်ကို ၃၇၀ ထိ ထားပေးခဲ့တာ ဖြစ်ပါတယ်။ အခုတံတား ပုံစံအပြီးသတ်ညှိနှိုင်း မှုတွေပြီးလို့ ကိုရီးယား Consultant ကုမ္ပဏီက ပင်မတံတားပုံစံအသစ်ကို ရေးဆွဲနေပါတယ်။ မကြာခင် တံတားတည်ဆောက်ရေးလုပ်ငန်းစဉ်တွေ စတင်နိုင်တော့မှာပါ”  ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး နေအောင်ရဲမြင့်က ဇူလိုင် ၁၆ ရက်က ပြောကြားခဲ့သည်။

အဆိုပါရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးမှာ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကိုရီးယားနိုင်ငံမှပေးအပ်သည့် ချေးငွေဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။

အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးအား အမြန်ဆုံးအကောင်ထည်ဖော်ရန်အတွက် ဇွန် ၁၇ ရက်က ပြည်သူ ၁၀၀၀ ကျော် ပါဝင်သည့် ဆန္ဒထုတ်ဖော်ပွဲအား ဒလမြို့နယ်တွင် ပြုလုပ်ခဲ့သည်။ တံတားတည်ဆောက်ရန် လွန်ခဲ့သည့်ခြောက်နှစ်ကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်ထိ တည်ဆောက်ခြင်းမရှိသေးခြင်း၊ တံတားတည်ဆောက်ရန် ဆိပ်ကမ်းလုပ်ငန်းရှင်အချို့နှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်ဟု ခံစားနေရသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ဒလမြို့ခံများက ပြောကြားခဲ့သည်။

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးနှင့်ပတ်သက်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ကန့်ကွက်ခြင်းမရှိဘဲဆိပ်ကမ်း လုပ်ငန်းများအား ထိခိုက်မှုမရှိသည့်  တံတားပုံစံတည်ဆောက်ရန်သာ အကြံပြုခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၁ ရက်တွင် ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က “ဒလမြစ်ကူးတံတား တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ ကန့်ကွက်ခဲ့တာ မရှိပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တံတားတည်ဆောက်ရေးအတွက် ၂၀၁၂ ခုနှစ်ကစပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဒလတံတားက ဆိပ်ကမ်းလုပ်ငန်းတွေ လုပ်နေတဲ့ရေပြင်ဧရိယာကို ကန့်လန့် ဖြတ်ပေါ်ထွက်လာမှာဖြစ်လို့ ပင်လယ်ကူး သင်္ဘောတွေဝင်ထွက်သွားလာပြီး ဆိပ်ကမ်းလုပ်ငန်း လုပ်ကိုင်တဲ့နေရာမှာ ထိခိုက်မှု မရှိသည့် တံတားပုံစံမျိုးကို တည်ဆောက်ဖို့သာ အကြံပြုခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရွှန်းလဲ့ဝင်း
Eleven Media Group

0 comments:

Post a Comment