Tuesday, July 17, 2018

ရိုက်တာသတင်းဌာနမှ အင်းဒင်သတင်း ထုတ်ပြီးနောက် ရဲမှူးချုပ်တင်ကိုကို၊ ရဲမှူးကြီးမျိုးသူစိုး ပါဝင်သည့်အဖွဲ့က သတင်းမှန်ကန်မှုရှိကြောင်း အင်းစိန်ထောင်အတွင်း အတည်ပြုချက် လက်မှတ်ရေးထိုးခိုင်းဟု ရိုက်တာသတင်းထောက် ကိုဝလုံး ထွက်ဆို


ရိုက်တာသတင်းဌာနမှ အင်းဒင်သတင်း ထုတ်ပြီးနောက် ရဲမှူးချုပ်တင်ကိုကို၊ ရဲမှူးကြီးမျိုးသူစိုး ပါဝင်သည့်အဖွဲ့က သတင်းမှန်ကန်မှုရှိကြောင်း အင်းစိန်ထောင်အတွင်း အတည်ပြုချက် လက်မှတ်ရေးထိုးခိုင်းဟု ရိုက်တာသတင်းထောက် ကိုဝလုံး ထွက်ဆိုခဲ့ကြောင်း ၎င်း၏ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ဇူလိုင် ၁၇ ရက်တွင် မီဒီယာများအား ဖြေကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခံရသော  ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုသက်ဦးမောင် (ခ) ကိုဝလုံးနှင့် ကိုကျော်စိုးဦး (ခ) ကိုမိုးအောင်တို့ကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ၃၁ ကြိမ်မြောက်ရုံး ထုတ်ခဲ့ပြီး စွပ်စွဲခံရသူများဘက်မှ တင်သွင်းသော သက်သေများကို စစ်ဆေးမှုစတင်နေရာ ကိုဝလုံးအား ဦးစွာစစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “သူရဲ့ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်မှာ ရိုက်တာသတင်းဌာနက အင်းဒင်သတင်းကို ထုတ်ပြီးတဲ့ နောက်ပိုင်းမှာ ထောင်ထဲကိုလာတယ်။ ရဲမှူးချုပ်တင်ကိုကို၊ ရဲမှူးကြီးမျိုးသူစိုးပါတဲ့ အဖွဲ့က လာပြီးတော့ ဒီသတင်းက မှန်ကန်မှုရှိတယ်ဆိုတဲ့ အကြောင်းကို အတည်ပြုချက် ရယူပြီးတော့ လက်မှတ်ထိုးခိုင်းသွားတယ်” ဟု မီဒီယာများအား ဖြေကြားသည်။

ထို့ပြင် အဆိုပါ သတင်းများနှင့် ပတ်သက်၍ ရေးသားမှု ရာခိုင်နှုန်း ၈၀ ရှိချိန်တွင် အစိုးရသက်ဆိုင်ရာက အတည်ပြုချက် တောင်းခံရန် ဆောင်ရွက်နေချိန် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သတင်းထောက် ကိုဝလုံးက ထွက်ဆိုခဲ့ဟု ဦးသန်းဇော်အောင်က ပြောကြားသည်။

“သူသတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသားခဲ့တယ်။ ရေးသားရင်းနဲ့ ဒီလို ဖမ်းဆီးခံရတယ်။ အဲဒီလိုမျိုး သူရေးတဲ့သတင်းက Complete ရာခိုင်နှုန်း ၈၀ ပြည့်စုံနေပြီ။ အစိုးရ အဖွဲ့တွေကို အတည်ပြုချက် တောင်းခံမလို့ လုပ်နေတဲ့ အချိန်မှာပဲ သူအဖမ်းခံရတယ်ဆိုတဲ့ အကြောင်းကို ထွက်ဆိုသွားတယ်။ သူတို့ကို အောင်သပြေ စစ်ကြောရေးမှာ စစ်ကြောမေးမြန်းတယ်။ အဲဒီအချိန်မှာပဲ သူတို့ကို စစ်ကြောတဲ့လူကလည်း မြေပြင်မောင်တောမှာ သွားပြီးတော့ စုံစမ်းတယ်။ စုံစမ်းလို့ရတဲ့ အချက်အလက်တွေနဲ့ အစိုးရက အရင်ဦးဆုံး သတင်းထုတ်ပြန်ခဲ့တာပေါ့။ ဒါကလည်း သက်သေခံတွေအရ ထင်ရှားပြီးဖြစ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

ဆက်လက်၍ ယနေ့ထွက်ဆိုချက်၏ ထူးခြားချက် တစ်ခုအနေဖြင့် သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အောင်သပြေ စစ်ကြောရေးတွင် စစ်ကြောနေစဉ် ကာလအတွင်း အင်းဒင်သတင်း မထုတ်ခဲ့လျှင် ညှိနှိုင်းမည့်အကြောင်း ကိုဝလုံးက ထွက်ဆိုခဲ့ကြောင်းနှင့် မည်သူများ စစ်ဆေးခဲ့သည်ဆိုခြင်း အတိအကျ မပေါ်ခဲ့ကြောင်း ဦးသန်းဇော်အောင်က ပြောကြားသည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးသည် မင်္ဂလာဒုံမြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ရဲဒုတပ်ကြပ်နှင့် တွေ့ဆုံပြီး စာရွက်စာတမ်း အပေးခံရပြီးနောက် ဆိုင်အပြင် အရောက်တွင် ဖမ်းဆီးခံခဲ့ရကြောင်း ကိုဝလုံးက ထွက်ဆိုခဲ့ကြောင်း သိရသည်။

“သေချာတာတစ်ခုက သူ့ရဲ့ထွက်ဆိုချက်ကပဲ ဒုတပ်ကြပ်နိုင်လင်းက ဆောင်းရိပ်မွန် စားသောက်ဆိုင်မှာ ဒီစာရွက်စာတမ်းတွေကို ပေးတယ်။ စာရွက်စာတမ်းတွေ ပေးတဲ့ဟာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ ဖမ်းဆီးခံထားရတာ မရှိဘူး။ ဒီစာရွက်စာတမ်းတွေက ဘာမှန်း မသိလိုက်ခင်မှာပဲ လက်ထဲကရတယ်။ ရပြီးတော့ စားသောက်ဆိုင်အပြင် အထွက်မှာပဲ အဖမ်းခံလိုက်ရတယ်ဆိုတဲ့ အနေအထားမျိုး ပေါ်ပေါက်တယ်” ဟု ဦးသန်းဇော်အောင်က ပြောကြားသည်။

ရိုက်တာသတင်းထောက် ကိုဝလုံးက တရားရုံးချိန်းပြီးနောက် မီဒီယာများအား ပြောကြားရာတွင် “ကျွန်တော် အခုလို တရားရုံးတော်မှာ အမှန်အတိုင်း ထွက်ဆိုခွင့်ရလို့ အရမ်းကျေနပ် အားရပါတယ်။ ဘာဖြစ်လို့လဲဆို ဒီကိစ္စက ခုနစ်လ၊ ရှစ်လလောက်ရှိပြီ။ ကျွန်တော်တို့ မတရားခံခဲ့ရတာကို မျိုသိပ်ခဲ့ရပါတယ်။ ဒီကိစ္စတွေကို ပြောပြပေးမယ်လို့ ဘယ်သူမှ ကျွန်တော်တို့ကို အာဏာပိုင် အဖွဲ့အစည်းက အရေးယူ ဆောင်ရွက်တာမျိုး နားထောင်တာမျိုး မလုပ်ခဲ့တာကြ အခုလိုမျိုး တရားရုံးတော်မှ အမှန်အတိုင်း ပြောခွင့်ရတာ အရမ်းကျေနပ် အားရပါတယ်။ ကျွန်တော်တို့ မတရားခံခဲ့ရတာတွေ ဒီနေ့ ပြောခွင့်ရပါတယ်” ဟု ပြောကြားသည်။

တရားရုံးချိန်းကို ဇူလိုင် ၂၃၊ ၂၄ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ပြီး ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးကို စစ်ဆေးသွားမည် ဖြစ်သည်။ ရိုက်တာသတင်းဌာနမှ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်များ အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စွဲချက်တင်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးက ဇူလိုင် ၉ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။



ကြည်နိုင်
Eleven Media Group


0 comments:

Post a Comment