Monday, January 28, 2019

မကွေးတိုင်း လျှပ်စစ်ဝန်ကြီးက ကျေးရွာမီးလင်းရေးကိစ္စ တစ်ခုဖြင့် ဒေသခံ ၁၃ ဦးအား တရားစွဲဆိုထားသည့်အမှု လေးကြိမ်မြောက် ရုံးချိန်းစစ်ဆေး ၊ ကျေးရွာအား သုံးလကျော်အထိ မီးဖြတ်ထားသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများ ပြောကြား


မကွေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီးက ကျေးရွာမီးလင်းရေးကိစ္စ တစ်ခုဖြင့် ဒေသခံ ၁၃ ဦးအား တရားစွဲဆိုထားသည့်အမှု လေးကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ပြီး ကျေးရွာအား သုံးလကျော်အထိ မီးဖြတ်ထားသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားသည်။ 
ဇန်နဝါရီ ၂၈ ရက်က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တရားရုံးတွင် မကွေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော် က အောင်လံမြို့နယ် စကြီးကျေးရွာနေ ဒေသခံ ၁၃ ဦးအား ပုဒ်မ ၁၁၄၊ ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုအား လေးကြိမ်မြောက် ရုံးချိန်အဖြစ် စစ်ဆေးခဲ့ပြီး ဒေသခံများဘက်မှ ရှေ့နေမငှားဘဲ ကိုယ်တိုင်လျှောက်လဲချက် ပေးနေခြင်း ဖြစ်သည်။ 

“အခုဆို ကျွန်တော်တို့ရွာကို မီးဖြတ်ထားတာ သုံးလကျော် ကြာပါပြီ။ ရွာမှာ တရားပွဲတွေ လုပ်နေသလို အခုအချိန်က ကျောင်းသားတွေအတွက် စာမေးပွဲဖြေဆိုချိန် ဖြစ်နေတော့ မီးမရှိတဲ့ ကျွန်တော်တို့ရွာ အခက်အခဲတွေ ရှိနေပါတယ်။ ဒီနေ့ဆိုရင် လေးကြိမ်မြောက် ရုံးချိန်းပေါ့။ ဒီနေ့ ဝန်ကြီးကိုလည်း စစ်တယ်။ ကျွန်တော်တို့က တရားခွင်မှာ ဝန်ကြီးကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးမေးတော့ သူက ကြားလည်း မကြားခဲ့ဘူး၊ မြင်လည်း မမြင်ခဲ့ဘူး။ အောက်က တင်ပြတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး တရားစွဲခဲ့တယ်လို့ ပြောပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမေးမေး မသိဘူးလို့ပဲ ပြောနေတယ်”ဟု တရားစွဲဆို ခံထားရသည့် စကြီးကျေးရွာဒေသခံ ကိုအောင်ဇော်ဝင်းက ပြောကြားသည်။ 

အဆိုပါအမှုနှင့် ပတ်သက်ပြီး မကွေးတိုင်း လျှပ်စစ်ဝန်ကြီး ဦးမြင့်ဇော်အား မေးမြန်းရာ ၎င်းက စစ်ဆေးနေစဉ် ကာလအတွင်း မိမိအနေဖြင့် ဘာမှပြောစရာမရှိကြောင်း၊ ဥပဒေအရ အပြစ်ရှိသူကို အပြစ်ပေးလိမ့်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

“ဒီရုံးချိန်းက တရားလို ဝန်ကြီးကို စစ်ဆေးတဲ့ ရုံးချိန်းပါ။ အမှုနဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေကိုတော့ အထက်အဆင့်ဆင့်ကို တင်ပြပြီးမှ ဖြေကြားလို့ ရမှာပါ”ဟု အောင်လံမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ယခင်နှစ် အောက်တိုဘာ ၃ ရက်က အောင်လံမြို့နယ် ကံမလေးကျေးရွာနှင့် ကလုံမှော်ကျေးရွာ မီးလင်းရေးအတွက်စကြီး ကျေးရွာပေါ်မှာ လျှပ်စစ်ကြိုး သွယ်တန်းခြင်း ပြုလုပ်နေစဉ် စကြီးကျေးရွာ ဒေသခံများက လူစုလူဝေးဖြင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် စကြီးကျေးရွာအား တိုင်းအစိုးရအဖွဲ့က လျှပ်စစ် မီးဖြတ်တောက် အရေးယူခဲ့သည်။ 

ထို့နောက် ကျေးရွာဒေသခံများနှင့် တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကာ ကျေးရွာဒေသခံများက မီးကြိုးသွယ်တန်းခြင်းကို ကန့်ကွက်တော့မည် မဟုတ်ကြောင်း သဘောတူ လက်မှတ်ထိုးခဲ့သဖြင့် အဆိုပါကျေးရွာအား လျှပ်စစ်မီးပြန်လည် ပေးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ၂၈ ရက်တွင် လျှပ်စစ်မီးကြိုး သွယ်တန်းခြင်း သွားရောက်လုပ်ကိုင်စဉ် ဒေသခံများက ထပ်မံ ကန့်ကွက်မှု ပြုလုပ်ခဲ့သဖြင့် တိုင်းလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 


Eleven Media Group

0 comments:

Post a Comment