Monday, January 28, 2019

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသဘောင်္များ ၀င်ရောက်မှုကြောင့် ငါးကောင်ရေ ကျဆင်းလာဟု ဆို


ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသဘောင်္များ လာရောက်ငါးဖမ်းဆီးမှုကြောင့် ငါးကောင်ရေ ကျဆင်းလာကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်- ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အမျိုးသားလွှတ်တော်တွင် တင်ပြပြောဆိုခဲ့သည်။ 
ဇန်န၀ါရီလ ၂၈ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် ငါးသားပေါက်နှင့်ငါးကောင်ရေများ စိုက်ထည့်ထားသည့် ပမာဏမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ ကျွန်တော်တို့ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာဆိုရင် ရန်ကုန် မြိတ်ဘက်ကငါးဖမ်းသင်္ဘောကြီးတွေ လာဖမ်းပါတယ်။ နောက်ဘင်္ဂလားဒေ့ရှ်ကငါးဖမ်းသဘောင်္အသေးတွေလည်းလာဖမ်းတာရှိပါတယ်။ ငါးခိုးရောင်းတာတွေလည်းရှိပါတယ်။ နောက်အဲဒီသင်္ဘောတွေကလည်းပင်လယ်ကမ်းခြေအနားထိအောင် ဆယ်မိုင်အတွင်းဝင်ပြီးတော့ဖမ်းတာတွေလည်းရှိပါတယ်။ အဲဒါကြောင့်ပင်လယ်ကမ်းခြေတစ်လျှောက်မှာ ငါးအကောင်ရေအရေအတွက်အများကြီးကျဆင်းလာပါတယ်’’ ဟု ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် - ၃ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။ 
ရခိုင်ဒေသတွင်ငါးများရှားပါးလာသဖြင့် အချို့ကျေးရွာများတွင် ရန်ကုန်ဘက်မှမွေးမြူရေးငါးများကို တင်သွင်း စားသုံးနေရကြောင်း ၄င်းက ဆက်ပြောသည်။ 
ရခိုင်ပြည်နယ်သည်အကျယ်အ၀န်း ၁၄၂၀၀.၁ စတုရန်းမိုင်ရှိပြီး လူဦးရေ ၃၁၈၈၈၀၇ ဦးရှိကာ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖြစ်သည်။ 

မင်းသီဟန်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment