ကျောင်းအုပ်ကြီးရှိသည့်ကျောင်းများတွင် မြို့နယ်ခြားပြောင်း ကျောင်းထွက်လက်မှတ်များအတွက် မြို့နယ်ပညာရေးမှူးထောက်ခံချက်လက်မှတ်ရေးထိုးစရာမလိုတော့ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ပြောပြချက်အရ သိရသည်။
ဇန်န၀ါရီလ ၂၈ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏မေးမြန်းမှုအား ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
“၂၀၁၈ ခုနှစ်၊ မေလမှာ ကျောင်းအုပ်ချုပ်မှုသင်တန်းကျောင်းထောက်ကြန့်မှာ ဖွင့်လှစ်ခဲ့တဲ့ ပညာရေး စီမံခန့်ခွဲသူများ၏ စွမ်းဆောင်ရည် မြင့်တင်ရေးသင်တန်းမှစ၍ တိုင်းဒေသကြီး၊ ပြည်နယ်ပြောင်းသော ကျောင်းထွက်လက်မှတ်တီစီများတွင်သာ မြို့ နယ်ပညာရေးမှူးလက်မှတ်ထပ်ဆင့်ရေးထိုးရန်သာလိုအပ်ကြောင်း ညွှန်ကြားထားရှိပြီးတော့ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်ခြားပြောင်း တီစီများတွင်မူ မြို့နယ်ပညာရေးမှူးရဲ့ ထောက်ခံချက်လက်မှတ်ထပ်ဆင့်ရေးထိုးရန် မလိုအပ်တော့ပါကြောင်းနှင့် တိုင်းဒေသကြီးနဲ့ပြည်နယ်၊ မြို့နယ်ခြားပြောင်းတီစီများအတွက် ကျောင်းအုပ်မရှိဘဲ တာဝန်ခံကျောင်းအုပ်သာ ရှိတဲ့တီစီများကိုသာ မြို့နယ်ပညာရေးမှူး ထပ်ဆင့်ထောက်ခံချက်လက်မှတ် ရယူဆောင်ရွက်သွားဖို့အတွက် စီစဉ်ဆောင်ရွက်ထားရှိပါတယ်’’ ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အဆိုပါ မြို့နယ်ပညာရေးမှူးထံကျောင်းပြောင်းလက်မှတ်ရယူရသောကြောင့် အချိန်ကြန့်ကြာမှုများရှိကြောင်း ဟုမ္မလင်းလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွန့်က တင်ပြခဲ့ခြင်း ဖြစ်သည်။
လက်ရှိအခြေခံပညာတွင် ၄၇၀၀၅ ကျောင်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းဆရာ၊ ဆရာမနှင့် ကျောင်းအုပ်ကြီးစုစုပေါင်း ၄၀၂၃၇၄ ဦး ၊ ဆရာ ၁၇ ရာခိုင်နှုန်း၊ ဆရာမ ၈၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment