Monday, January 28, 2019

အနောက်အုပ်စု ဖိအားပေးလာမှုကြောင့် ဗင်နီဇွဲလားသမ္မတမာဒူရို စစ်အင်အားထုတ်ပြ


ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲ အသစ်ကျင်းပရန် နိုင်ငံတကာ၏ ရာဇသံပေးမှုကို တုံ့ပြန်သည့်အနေနှင့် တနင်္ဂနွေနေ့တွင် အာဏာရှင် သမ္မတမာဒူရိုက ရုရှားလုပ် လေယာဉ်ပစ်အမြောက်များ၊ တင့်ကားများဖြင့် သရုပ်ပြပစ်ခတ်ကာ စစ်တပ်၏အင်အားနှင့် သစ္စာခံမှုတို့ကို ပြသလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ 
အတိုက်အခံခေါင်းဆောင် ဂွီအာဒိုက ရွေးကောက်ပွဲ လိမ်လည်မှုများကို ထောက်ပြကာ တရားဝင်သမ္မတအဖြစ် သူ့ကိုယ်သူ ကြေညာခဲ့ပြီးနောက်တွင် အာဏာရှင် မာဒူရို ၅၆ နှစ်သည် အာဏာရ သက်တမ်းအတွင်း မကြုံစဖူး စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ 

နိုင်ငံတကာထောက်ခံမှု ရရှိနေသော ဂွီအာဒိုက ၎င်းထံလာရောက်ပူးပေါင်းသော စစ်သားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကမ်းလှမ်းထားသည်။ 

ဝါရှင်တန်က အခိုင်အမာထောက်ခံ အားပေးနေသည့် ဂွီအာဒိုအားအသိအမှတ်ပြုသည့် နိုင်ငံများစာရင်းတွင် အစ္စရေးနှင့် ဩစတြေးလျတို့လည်း တနင်္ဂနွေနေ့က ပါဝင်လာခဲ့သည်။ 

မာဒူရိုသည် ကာကွယ်ရေးဝန်ကြီး ပက်ဒရီနိုနှင့်အတူတနင်္ဂနွေနေ့ အစောပိုင်းက ပါရာမေစီသံချပ်ကာယန္တရားစခန်းတွင် ရုရှားလုပ် လေယာဉ်ပစ်အမြောက်များ၊ တင့်ကားများ၏ လေ့ကျင့်ပစ်ခတ်မှုကို ကြည့်ရှုခဲ့သည်။ 

မာဒူရိုက ၎င်းအား စစ်တပ်က ထောက်ခံကြောင်းနှင့် စစ်တပ်သည် နိုင်ငံကို ကာကွယ်ရန် အဆင်သင့်ရှိကြောင်းကို ပြသခြင်းဖြစ်ကြောင်း၊ ဂွီအာဒိုသည် ထရမ့်၏ အကြံပေးများညွှန်ကြားသည့် အာဏာသိမ်းရန် ကြိုးစားမှုတွင် ပါဝင်နေခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ 

ဗင်နီဇွဲလားစစ်တပ်သည် သမိုင်းတွင် အရေးကြီးဆုံးသော စစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၀ မှ ၁၅ အတွင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု မာဒူရိုက ပြောကြားသွားသည်။ 

မာဒူရိုအစိုးရသည် အမေရိကန်တွင် ဗင်နီဇွဲလားစစ်သံမှူး ဘက်ပြောင်းခိုလှုံ သွားခဲ့ပြီးနောက် အွန်လိုင်းတွင် “အမြဲတမ်း သစ္စာရှိကြမယ်၊ ဘယ်တော့မှ သစ္စာ မဖောက်” ဆိုသော ဝါဒဖြန့်ချိမှုကို စတင်ခဲ့ပြီး စစ်အင်အားပြမှုကို ပြုလုပ်လာခြင်းဖြစ်သည်။ 

အစိုးရအား ပုန်ကန်ရန် ဗင်နီဇွဲလား စစ်သားများထံ အိမ်နီးချင်း ကိုလံဘီယာ နိုင်ငံမှတစ်ဆင့် လူမှုမီဒီယာမက်ဆေ့ခ်ျများ ပေးပို့နေမှုကိုလည်း မာဒူရိုက ပြစ်တင်ရှုတ်ချခဲ့သည်။ 

အတိုက်အခံခေါင်းဆောင် ဂွါအီဒိုကလည်း ၎င်းအားထောက်ခံရန်နှင့် အရပ်သား ပြည်သူများကို မဖိနှိပ်ကြရန် စစ်တပ်ကို တောင်းဆိုသည့် သဝဏ်လွှာကို တနင်္ဂနွေနေ့က ပေးပို့ခဲ့သည်။ 

စနေနေ့က လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဗင်နီဇွဲလား၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် အမေရိကန်၊ ကနေဒါ၊ အီးယူနှင့် တောင်အမေရိက နိုင်ငံများ၏ တောင်းဆိုမှုကို ရုရှားနှင့် တရုတ်တို့က ငြင်းပယ်ခဲ့ကြသည်။ 

ရုရှားအတွက် လျှို့ဝှက်လုပ်ငန်းများ လုပ်ကိုင်ပေးရသော ပုဂ္ဂလိကကာကွယ်ရေး ကန်ထရိုက်တာတစ်ဦးသည် မာဒူရို၏ လုံခြုံရေးကို စီမံပေးရန် ဗင်နီဇွဲလားသို့ ရောက်ရှိနေသည်ဟုလည်း ရိုက်တာ သတင်းများတွင် ဖော်ပြထားသည်။ 

ဗင်နီဇွဲလားတွင် ရှစ်ရက်အတွင်း ရွေးကောက်ပွဲကျင်းပရန် အီးယူကရာဇသံ ပေးမှုကို ပယ်ချလိုက်သည့် မာဒူရိုက “ဒီ ဥရောပခေါင်းဆောင်တွေဟာ ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒတွေကို ဒူးထောက်လိုက်နာနေတဲ့ သူတွေပါ။ ကျုပ်တို့က ဥရောပကို မှီခိုတာ မျိုးမရှိခဲ့တာ ကံကောင်းတာပေါ့”ဟု ပြောကြားခဲ့သည်။ 

တူရကီသမ္မတ အာဒိုဂန်ကမူ မာဒူရိုကို ထောက်ခံကြောင်း ကြာသပတေးနေ့က ဖုန်းဆက်ပြောကြားခဲ့သည်။ 

The Voice

0 comments:

Post a Comment