Monday, January 28, 2019

လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းသည် လွှတ်တော်ကဆိုင်းငံ့ထားသည့် ကိစ္စဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က လမ်းညွှန်လာပါက ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြေကြားမှုအပေါ် လွှတ်တော်သို့တင်ပြရန်မှာ ကော်မရှင်၏ တာဝန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရှင်းလင်း



လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အသင့်ရေးဆွဲပြီးဖြစ်သော်လည်း လွှတ်တော်က ဆိုင်းငံ့ထားသည့် ကိစ္စဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်က လမ်းညွှန်လာပါက ဆောင်ရွက်ရန်အသင့်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြေ ကြားမှုအပေါ် လွှတ်တော်သို့ တင်ပြရန်မှာ ကော်မရှင်၏ တာဝန်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ရှင်းလင်းပြောကြားသည်။ 
ဇန်နဝါရီ ၂၈ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် Right to Recall ဥပဒေ (လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ) ကို မည်သည့်အချိန်တွင် လွှတ်တော်သို့တင်မည်၊ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြန့်ကြာနေရသည်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ဖြေကြားပြီးသည့်အချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ 

“ဥပဒေရေးဆွဲပြီးတင်ပြဖို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော်က ညွှန်ကြားလို့ လမ်းညွှန်မှုပြုလို့ ပြန်လည်တင်ပြရမယ်ဆိုတာ ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ငန်းတာဝန်မဟုတ်ပါဘူး။ ဒီဥပဒေကို စီမံခန့်ခွဲရတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်သာလျှင်ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးတီခွန်မြတ်က ပြောကြားသည်။ 

ပြည်သူ့လွှတ်တော်ရုံးက ၇- ၈- ၂၀၁၈ ရက် ရက်စွဲပါစာအမှတ် ၁/ပသ(စ၁)၃/ ၂၀၁၈ ( ၁-၉) -၁၂ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မေးမြန်းစာတစ်စောင်ပေးပို့ခဲ့ကြောင်း၊ ယင်းစာတွင် “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၆ - ၂- ၂၀၁၇ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်း ဖြေ ကြားခဲ့သည်။ သို့ဖြစ်ပါ၍ ကတိဖြစ်ခဲ့သော ကိစ္စဖြစ်သဖြင့် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆောင်ရွက်ထားရှိမှုအား ပြန်ကြားပေးရန် လမ်းညွှန်မှုအရ ပေးပို့အပ်ပါသည်”ဟု ဖော်ပြပါရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် မေးမြန်းသည့် ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက လွှတ်တော်၌ ပြောကြားသည်။ 

ထို့ကြောင့် ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ထားကြောင်း ပြန်လည်ပေးပို့ထားသည့် ကိစ္စဖြစ်နေပါသဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်လမ်းညွှန်လာပါက ယင်းလမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း ဟူ၍ဖော်ပြပြီး ၃၀- ၈- ၂၀၁၈ ရက်စွဲပါ စာ အမှတ် ၂၉/ ၅/ရကပခ-၃/ကမရ ဖြင့် ပြည်သူ့လွှတ်တော်ရုံးသို့ ပြန်ကြားစာပေးပို့ထားပြီးဖြစ်ကြောင်း ဦးသန်းဋ္ဌေးက ပြောကြားသည်။ 

“ဦးမောင်မြင့်၏ ယခုမေးမြန်းလာသော ကိစ္စရပ်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်၍ ဆိုင်းငံ့ထားပါကြောင်း ဖော်ပြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်ပေးပို့ထားသည့် ကိစ္စရပ်ဖြစ်နေသောကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထားကြောင်း အဆုံးအဖြတ်သည် အတည်ဖြစ်နေဆဲ ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အဆိုပါဥပဒေမူကြမ်းကို အသင့်ရေးဆွဲပြီးဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်လမ်းညွှန်လာပါက ယင်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ ဖြေကြားအပ်ပါတယ်” ဟု ဦးသန်းဋ္ဌေးက ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရေးဆွဲထားပြီးဖြစ်သည့် ဥပဒေမူကြမ်းကို လွှတ်တော်သို့ ပို့မပို့နှင့်ပတ်သက် ပြီး ဖြေကြားပေးပါရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။ 

မဲခွဲဆုံးဖြတ်ပြီး ဆိုင်းငံ့ထားသည့် ကိစ္စဖြစ်နေသောကြောင့် ပြည်ထောင်စုလွှတ်တော်၏ ဆိုင်းငံ့ထားကြောင်း အဆုံးအဖြတ်သည် အတည်ဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ရွေးကောက်ပွဲကော်မရှင်၏ အရာမဟုတ်ကြောင်း၊ ပြည်ထောင်စုလွှတ်တော်၏ အရာသာဖြစ်ကြောင်း ၊ ပြည်ထောင်စုလွှတ်တော်မှ ဆက်လက်လမ်းညွန်လာမည်ဆိုပါက ယင်းလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန် အဆင်သင့်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းဌေးက ပြန်လည်ဖြေကြားသည်။ 

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလတွင် ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒမဲကိုရယူ၍ ဆိုင်းငံ့ထားရန် လွှတ်တော်က အတည်ပြုဆုံးဖြတ်ထားသော ကိစ္စဖြစ်ကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ယနေ့အထိ အတည်ဖြစ်လျက်ရှိနေကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများ နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ သော်လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားရှိကြောင်း ဦးသန်းဌေးက ဆိုသည်။ 


Eleven Media Group


0 comments:

Post a Comment