ကျောင်းသားမိဘ အမည်မှန်ပြောင်းလဲပြင်ဆင်ခွင့်ပြုရန်အတွက် သတင်းစားကြေငြာခ ၃၀၀၀၀ ခန့် ပေးနေရမှုကို ဖြေလျော့ပေး ရန် မေးမြန်းခဲု့သည့် လွှတ်တော်ကိုယ်စားလှယ်ကို မသင့်လျော်သည့် မေးခွန်းမေးသည်ဟုဆိုကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဆူခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၈ ရက်က ကျင်းပသည့် မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက ကျောင်းသားမိဘ နာမည် ကွဲလွဲမှုများ ဖြစ်ပေါ်နေရာတွင် အမည်မှန်ပြောင်းလဲ ပြင်ဆင်ခွင့်ပြုရန်အတွက် လုပ်ဆောင်ရသော လုပ်ငန်းစဉ်များ ဖြေလျော့ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းရာတွင် သတင်းစာ ကြော်ငြာခ ၃၀၀၀၀ ခန့်ကို ဖြေလျော့ပေးရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ဦးအောင်ခင်ဝင်း မေးမြန်းတဲ့ မေးခွန်းက ကျန်တဲ့ဝန်ကြီးဌာနနဲ့ ဆက်စပ်နေတဲ့မေးခွန်းတွေဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စား လှယ် တစ်ယောက်အနေနဲ့ မေးခွန်းမေးပြီဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ သူဖြေဆိုနိုင်တဲ့ အတိုင်းအတာကိုပဲ မိမိအနေနဲ့ မေးမြန်းဖို့ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဒီလိုမေးမြန်းခြင်းဟာ သင့်လျော်တယ်လို့ မယူဆပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်နိုင်တဲ့ အနေအထားတွေ လုပ်ပိုင်ခွင့်တွေရှိပါတယ်။ သင့်လျော်ရာ နည်း လမ်းနဲ့ ဒီကိစ္စတွေကို ဆောင်ရွက်သွားဖို့ မှာကြားချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ကပြောကြားခဲ့သည်။
ကျောင်းသားမိဘ နာမည် ကွဲလွဲမှုများ ဖြစ်ပေါ်နေရာတွင် အမည်မှန်ပြောင်းလဲ ပြင်ဆင်ခွင့်ပြုရာတွင် ရဲစခန်းထောက်ခံချက် ငွေ ကျပ် ၁၀၀၀၊ သတင်းစာ၌ ကြော်ငြာရာတွင် ငွေ ၃၀၀၀၀ ကျပ်၊ တရားရုံးကျမ်းကျိန်စာ ၁၀၀၀ ကျပ်ပေးဆောင် နေရကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း ကပြောသည်။
ကျောင်းသားမိဘများ ငွေကုန်ကြေးကျများကာ ဝန်ထုတ်ဝန်ပိုးဖြစ်စေသည့် သတင်းစာကြော်ငြာရခြင်းကိစ္စ၊ စိတ်အနှောင့် အယှက်ဖြစ်စေသည့် ရဲစခန်းသွားရခြင်း တရားရုံးသွားရခြင်းကိစ္စများကို ဖြေလျော့ပေးရန်အစီအစဉ်ရှိမရှိ ၎င်းက မေးမြန်း ခဲ့ခြင်းလည်း ဖြစ်သည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment