Monday, January 28, 2019

လွိုင်လင်မြို့နယ် ဟိုခိုက်အနာကြီးရောဂါသည်များအတွက် ဆေးဝါးနှင့် အဟာရဒါန လိုအပ်

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ဟိုခိုက်အနာကြီးရောဂါဂေဟာတွင် အနာကြီးရောဂါသည် ၈၆ ဦးကို စောင့်ရှောက်ထားပြီး ဆေးဝါးနှင့်အဟာရအတွက် အကူအညီ လိုအပ်နေကြောင်း အဆိုပါဂေဟာထံမှ သိရသည်။ 
“အဓိက လိုအပ်တာကတော့ ရောဂါသည်တွေအတွက် အာဟာရဖြစ်မယ့် အစားအစာတွေ လိုအပ်တယ်”ဟု အဆိုပါဂေဟာ ဆေးရုံအုပ် ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာကျော်အေးက ဆိုသည်။ 

ယင်းဂေဟာတွင် အနာကြီးရောဂါသည် အမျိုးသား ၅၀ ဦးနှင့်အမျိုးသမီး ၃၆ ဦးရှိသည်။ 

“ဒီကို အသက် ၂၀ လောက်ကတည်းကရောက်တာ အခု အဘိုးအသက်က ၈၆ နှစ်ရှိပြီ အနာစစ ဖြစ်တုန်းကတော့ ရိုးရိုးအနာဘဲ ထင်တာ နောက်ပိုင်းကျမှ တဖြေးဖြေးနဲ့ လိုက်စားလာပြီး အနာကြီးရောဂါလို ဖြစ်သွားတာ အခုတော့ အကုန်လုံး ကောင်းသွားပါပြီ”ဟု မိုင်းကိုင်မြို့နယ်မှ လာရောက်ကုသနေသူတစ်ဦးက ဆိုသည်။ 

ယင်းဂေဟာတွင် မိုင်းရှူး၊ ကွန်ဟိန်း၊ မိုင်းကိုင်၊ကျိုင်းတုံ စသည့်မြို့နယ်ကျေးရွာများမှ လာရောက်ကုသ နေထိုင်ကြသည်။ 

အနာကြီး ရောဂါသည်များအတွက် တစ်လလျှင် ဆန် အိတ် ၃၀ ခန့်နှင့် အထွေထွေ ကုန်ကျစရိတ်များကို ကက်သလစ် ကရုဏာအဖွဲ့က ထောက်ပံ့ကူညီသလို ပြင်ပ အလှူရှင်များကလည်း လှူဒါန်းလျက်ရှိသည်။ 

ယင်းဟိုခိုက်အနာကြီးရောဂါကုဂေဟာကို ၁၉၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ရာ လှူဒါန်းမှုပြုလုပ်လိုပါက ဝ၉၄၂ ၈၃၂၅၁၈၂ ခရစ်ယာန်ဘုန်းတော်ကြီး ဖာသာ ကျော်အေးထံသို့ ဆက်သွယ်လှူဒါန်းနိုင်သည် ။ 

The Voice

0 comments:

Post a Comment