မန္တလေးတိုင်းဒေသကြီးသည် အနာဂတ်တွင် ရင်းနှီးမြှပ်နှံမှု အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားလိုက်သည်။
နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ (၂) တွင် ဇန်နဝါရီလ ၂၈ ရက်က ကျင်းပသည့် Invest Myanmar Summit 2019 ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
“မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်း၊ အတိအကျပြောရရင် အလယ်ပိုင်းဒေသမှာရှိတယ်။ ဘယ်နေရာမဆို မြန်မာနိုင်ငံ တနှံတလျားကို သွားဖို့ ဆက်သွယ်ဖို့ လမ်းတွေရှိပါတယ်။ မန္တလေးတိုင်းဟာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းရှိသလို အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒယ ကြားတည့်တည့်မှာရှိနေပါတယ်။ တရုတ်နဲ့ အိန္ဒိယက ဝင်လာတဲ့ ကုန်ပစ္စည်းတွေအားလုံး မန္တလေး ကို ဖြတ်ရပါတယ်။ မန္တလေးကို မဖြတ်ဘဲရောက်ဖို့ အခွင့်အလမ်းနည်းပါး ပါတယ်။ မန္တလေးတိုင်းဒေသကြီးဟာ အနာဂတ်မှာ ရင်းနှီးမြှပ်နှံမှုအကောင်းဆုံး နေရာတစ်ခုဖြစ်တယ်ဆိုတာ တင်ပြချင်ပါတယ်။ ဒါကြောင့်မို့လို့ အရှေ့တောင်အာရှရဲ့ SMART City ၁၀ နိုင်ငံထဲမှာ မန္တလေးတိုင်းကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ အလားတူ Potential အရှိဆုံးနေရာတွေမှာလည်း မန္တလေးကို စင်ကာပူက လျာထားတာဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြှပ်နှံသူတွေ မန္တလေးကို မျက်စိကျနေတာဖြစ်ပါတယ်” ဟု ဒေါက်တာ ဇော်မြင့်မောင် ကပြောသည်။
မန္တလေးတိုင်းဒေသကြီးသည် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများအရ အချက်အချာချသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမည်သည့်နေရာမဆို သွားလာရလွယ်ကူကြောင်း ၎င်းကပြောသည်။
“ အာဆီယံဟိုင်းဝေး ၁ နဲ့ရော ၂ နဲ့ရော မန္တလေးတိုင်းဒေသကြီးကို ဖြတ်သန်းသွားပါတယ်။ ကုန်းလမ်းနဲ့ ပတ်သက်ပြီး မန္တလေး တိုင်းဒေသကြီးဟာ မြောက်ပိုင်းသွားမလား၊ တောင်ပိုင်းသွားမလား၊ အရှေ့ဘက်သွားမလား၊ အနောက်ဘက်သွားမလား လမ်းအကုန်လုံးရှိပါတယ်။ ရေလမ်းကြောင်းမှာလည်း ဧရာဝတီမြစ်ကြီးဟာ ကီလိုမီတာ ၅၀၀၀ ရှည်လျားပါတယ်။ ဧရာဝတီ မြစ်ကြောင်း ရဲ့ ခရီးအပါအဝင် အခြားမြစ်ကြောင်းများရဲ့ Wate Way မှာ ကျွန်တော်တို့က ကီလိုမီတာ ၂၅၀၀ ရှိတဲ့အတွက် Wate Way ဟာလည်း မန္တလေးတိုင်းဒေသကြီးဟာ ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
လေကြောင်းလမ်းအနေဖြင့် ကြည့်ပါကလည်း တံတားဦးလေဆိပ်သည် မန္တလေးမြို့နှင့် ၃၅ ကီလိုမီတာ အကွာအဝေးတွင်ရှိပြီး လေယာဉ်ပြေးလမ်းသည် အရှေ့တောင်အာရှတွင် အရှည်ဆုံးဖြစ်ကြောင်း ၎င်းကပြောသည်။
ချမ်းငြိမ်း(အကုန်သိ သတင်းဌာန)
0 comments:
Post a Comment