ပါကစ္စတန်တရားလွှတ်တော်ချုပ်ဟာ အေရှာဘီဘီအား ၄င်းတို့ကိုယ်တိုင်ပေးခဲ့တဲ့ တရားသေလွှတ်မိန့်ကို ဇန်နဝါရီ ၂၉ မှာ ပြန်လည်သုံးသပ်မယ်လို့ သတင်းရရှိပါတယ်။
အေရှာဘီဘီဟာ သေဒဏ်အတွက် ၈ နှစ်ကြာအောင် တရားရင်ဆိုင်ခဲ့ရပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာမှာတော့ တရားလွှတ်တော်ချုပ်က သူ့ကို တရားသေလွှတ်ပေးခဲ့ပါတယ်။ ထို့ကြောင့် ဘာသာရေးအစွန်းရောက်တွေ သွေးပိုဆူသွားပြီး သူ့ကို သေဒဏ်ပေးရေးနဲ့ ပြည်ပထွက်ခွာခွင့် မပေးရေး တို့ကို အရေးဆိုခဲ့ကြပါတယ်။
သူ့ဘက်မှ လိုက်ပေးခဲ့တဲ့ ရှေ့နေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့လို့ ၄င်းဟာ ဥရောပသို့ ထွက်ပြေးခဲ့ရပါတယ်။ ၄င်းရှေ့နေဟာ လာမယ့်သုံးသပ်ချက်မှာ သူ့ကိုယ်စား လျှောက်လဲပေးရန် အတွက် ပါကစ္စတန်သို့ ပြန်ရောက်လာခဲ့ပါပြီ။
“ ဒီအမှုကို ပလပ်ပေးလိုက်စေချင်ပါတယ်။ သူ့ကို သေဒဏ်ပေးရေးအတွက် ဘာသာရေးတစ်ယူသန်တွေက လက်မှတ်ထိုး ဆန္ဒထုတ်ဖေါ်နေကြတယ်။ ဒါပေမဲ့ မလွှတ်ပေးရေးအတွက်ကိုတော့ ဥပဒေနဲ့အညီ အားထုတ်လာတာ ဘာတစ်ခုမှမရှိသေးဘူး”ဟု ၄င်းက ပြောကြားခဲ့ပါတယ်။ ဘီဘီကို တရားသေလွှတ်ပေးခဲ့တဲ့နောက်မှာ ပါကစ္စတန်ရဲ့ အစ္စလာမစ်အစွန်းရောက် TLP ပါတီက မြို့ကြီးတွေမှာ အကြီးအကျယ်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပြီး လွှတ်မိန့်ချပေးခဲ့တဲ့ တရားသူကြီးတွေကို သတ်ပစ်ဖို့အထိပါ ခြိမ်းခြောက်ခဲ့ကြပါတယ်။
ရက်အနည်းငယ်အကြာမှာတော့ ၄င်းတို့နဲ့အစိုးရအကြား ဘီဘီ့ကို ပြည်ပထွက်ခွင့်ပိတ်ရေး သဘော တူညီချက်ရသွားခဲ့တဲ့အတွက် သပိတ်လှန်ခဲ့ကြပါတယ်။ ၄င်းနောက်မှာတော့ အစိုးရဟာ TLP ပါတီဝင် ၃ ထောင်ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခေါင်းဆောင်အချို့ကို အကြမ်းဖက်မှုဖြင့်ပါ စွဲချက်တင်ခဲ့ပါတယ်။ ဘီဘီ့အမှုကြောင့် ပါကစ္စတန်ရဲ့ ဘာသာရေးစော်ကားမှုဥပဒေကို လူအများပြန်လည်မေးခွန်းထုတ်လာခဲ့ကြပြီး ၄င်းဟာ လူမျိုးစုတွေကို ဖိနှိပ်ဖို့ ထုတ်ထားတဲ့ဥပဒေ ဟု ဝေဖန်နေကြပါတယ်။
ZHO (အကုန်သိ သတင်းဌာန)
0 comments:
Post a Comment