Saturday, December 1, 2018

သီးနှံအထွက်တိုးရေး ဂါထာမန္တရား ရွတ်ဆိုကြရန် ဂိုအာစိုက်ပျိုးရေးဝန်ကြီး တိုက်တွန်း


အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်က တာဝန်ရှိသူတွေဟာ စပါးအထွက်နှုန်းကောင်းဖို့ လယ်သမားတွေအနေနဲ့ လယ်ကွင်းတွေမှာ ဂါထာမန္တရားတွေ ရွတ်ဆိုကြဖို့ တိုက်တွန်းခဲ့တယ်လို့ နိုဝင်ဘာ ၂၇ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ 

ဒါဟာ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ဒီလိုရွတ်ဆိုခြင်းကြောင့် ဓာတု ဓာတ်မြေသြဇာတွေသုံးစရာ မလိုဘဲ စပါးအထွက်နှုန်းနဲ့ အရည်အသွေးကောင်းမွန် လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ 



ဒီတိုက်တွန်းဟာ အနည်းငယ်မေးခွန်းထုတ်စရာ ကောင်းနေပြီး ဒီစနစ်ကို ပုံမှန်စိုက်ပျိုးရေး လုပ်ငန်းသုံးနည်းစနစ်တခုအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ 



ဒီနည်းလမ်းမှာ လယ်သမားတွေဟာ သူတို့လယ်ကွင်းတွေမှာ ရက် ၂၀ ကြာ ဂါထာတွေကို ရွတ်ဆိုရမှာဖြစ်ပြီး ဒီလိုရွတ်ဆိုခြင်းကြောင့် စကြဝဠာကြီးရဲ့စွမ်းအင်တွေကို လယ်ကွင်းထဲ ပို့ဆောင်ကာ သီးနှံအထွက်နှုန်းကောင်းတဲ့ အကျိုးကို ရရှိစေမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ 



“စိုက်ပျိုးရေးဌာနက သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အော်ဂဲ နစ်စိုက်ပျိုးရေး နည်းလမ်းတွေကို ဖော်ထုတ်အသုံးပြုနေတာပါ” လို့ ပြည်နယ်ရဲ့ စိုက်ပျိုးရေးဒါရိုက်တာဖြစ်သူ ကပြောပါတယ်။ 



“လယ်ကွင်းတွေမှာ တနေ့ကို မိနစ် ၂၀ လောက် ရက် ၂၀ ကြာဂါထာ၊ မန္တရားတွေကို ရွတ် ဆိုခြင်းက သီးနှံအထွက်နှုန်းကောင်းဖို့ အထောက်အကူဖြစ်စေနိုင်တယ်လို့ ယုံကြည်သူတွေက ယူဆထားပါတယ်” လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။ 



“ဒီနည်းလမ်းက ကျနော်တို့အတွက် ဘေးကင်းတဲ့ အစားအစာတွေကို ဖန်တီးပေးမှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ စိုက်ပျိုးခြင်းအတွက် ဘာဓာတ်မြေသြဇာမှ သုံးစရာမလိုဘဲ စပါးပင်တွေဟာ အော်ဂဲနစ်စနစ်နဲ့ ရှင်သန်ကြီးထွားလာကြမှာဖြစ်ပါတယ်” လို့လဲ စိုက်ပျိုးရေးဝန်ကြီး ဗီဂျေးဆာဒီဆိုင်က ပြောပါတယ်။ 



ဗီဂျေးဟာ ဂါထာ၊ မန္တရားရွတ်ဆိုတာကို သက်ဝင်ယုံကြည်သူတဦးဖြစ်ပြီး ဒီစိုက်ပျိုး ရေးနည်းလမ်းအတွက်လည်း ဟိမဝန္တာက ဂုရုရှီဗာနန်ဆီ သွားရောက်နည်းနာခံယူခဲ့တယ်လို့ သိရပါတယ်။ 



သိပ္ပံနဲ့နည်းပညာ အထူးတိုးတက်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ဂိုအာပြည်နယ်က စိုက်ပျိုးရေးဆိုင်ရာ အာဏာပိုင်တွေလုပ်ရပ်က လူအများစုအတွက် အံ့သြသင့်စရာဖြစ်နေပေမယ့် ဂိုအာပြည်နယ်အစိုးရအဖွဲ့က သဘာဝပတ်ဝန်းကျင်နဲ့ ပိုမိုသဟဇာတဖြစ်စေမယ့် “ယောဂစိုက်ပျိုးရေး” နည်းလမ်းကို အသုံးပြုဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

DVB

0 comments:

Post a Comment