Sunday, December 30, 2018

ဆရာဝန်တစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၆ ဦးကို မြို့တော်ဝန်ဆု ချီးမြှင့်


မန္တလေးမြို့တော်ဝန်က မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်း ဆရာဝန်တစ်ဦးနှင့် စည်ပင်ဝန်ထမ်း ၅ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၆ ဦးကို မြို့တော်ဝန်ဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ 
မန္တလေး ဆေးတက္ကသိုလ်ကျောင်းဆင်း ဆေးကျောင်းသားတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးမောင်ဝင်းသည် ဆေးလောက သမိုင်း၌ မရှိခဲ့ဖူးသည့် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည့်အတွက် ယမန်နှစ်များက မပေးအပ်ဖူးသည့် မြို့တော်ဝန်ဆုကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားသည်။ 

မန္တလေးဆေးတက္ကသိုလ်ကျောင်းဆင်း ဆေးကျောင်းသားတစ်ဦးဖြစ်သူ ဒေါက်တာဖြိုးမောင်ဝင်းသည် ၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး ဒုတိယအဆင့်ဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ပြီး ဆေးတက္ကသိုလ်တက်ရောက်ခဲ့ရာတွင် ပထမနှစ်မှ နောက်ဆုံးနှစ်အပိုင်း (ခ) အထိ ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။ 

အစိုးရဝန်ကြီးဌာနတစ်ခု၏ အကြီးအကဲဖြစ်သူ မြို့တော်ဝန်က မိမိ၏ကြိုးစားမှု အသိအမှတ်ပြု၍ မြို့တော်ဝန်ဆုချီးမြှင့်ပေးခဲ့သည့်အတွက် ပျော်ရွှင်ဂုဏ်ယူမိကြောင်း ဒေါက်တာဖြိုးမောင်ဝင်းက ပြောကြားသည်။ 

“ကျောင်းသားကျောင်းသူဆိုတာ ဘယ်သူပဲဖြစ်ဖြစ် အသိအမှတ်ပြုခံရတာ ပျော်ပါတယ်။ နောက်လူတွေလည်း အခုလို ချီးမြှင့်ပေးမယ်ဆိုရင် ပျော်တာပေါ့”ဟု ၎င်းကဆိုသည်။ 

ယခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ပေးအပ်ခဲ့သော မြို့တော်ဝန်ဆုကို ဒေါက်တာဖြိုးမောင်ဝင်းနှင့်အတူ စည်ပင်သာယာရေးဝန်ထမ်း ၅ ဦးကိုလည်း ပေးအပ်ခဲ့ပြီး စည်ပင်ဝန်ထမ်းများကို ရွေးချယ်ရာတွင် ကော်မတီဝင်များ၏ အမည်စာရင်းတင်သွင်းပေးထားသူများထဲက ရွေးချယ်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာရဲလွင်က ထပ်မံပြောကြားသည်။ 

မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီအနေနှင့် ဝန်ထမ်းမိသား စုဝင်မဟုတ်သော ပညာရေးထူးချွန်သူပုဂ္ဂိုလ်တစ်ဦးကို ဆုပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်က မြို့တော်ခန်းမ၌ ကျင်းပသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အထိမ်းအမှတ်နေ့တွင် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ဝန်ထမ်းကောင်းဆု၊ ပညာရည်ချွန်ဆုနှင့် အားကစားပြိုင်ပွဲဆုရရှိသူများကို ဆုများပေးအပ်ခဲ့သည်။

The Voice

0 comments:

Post a Comment