Sunday, December 30, 2018

မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် ထိုင်း၊ လာအို၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ်လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစားတူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ပြောကြား

မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့နှင့် ယှဉ်ပြိုင်ထုတ် လုပ်ရောင်းချနေရသဖြင့် ကုန်စည်အမျိုးအစား တူပါက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာ တင်ပို့ရောင်းချနိုင်မှသာ ပို့ကုန်ဈေးကွက် ကျယ်ပြန့်လာမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာ၂၉ရက်က ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း(၂၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးတွင် ပြောကြားသည်။

“မိမိတို့နိုင်ငံက လယ်ယာထွက်ကုန်များကို ပြည်ပတင်ပို့ရောင်းချရာတွင် အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့ကို ယှဉ်ပြိုင်ပြီး ထုတ်လုပ်ရောင်းချနေရတာ ဖြစ်ပါတယ်။ ကုန်စည်အမျိုးအစားတူပါက ပို့ကုန်ဈေးကွက်မှာ ကျွန်တော်တို့က အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာစွာနဲ့ စားသုံးသူများ လိုအပ်သည့်အချိန်တွင် တင်ပို့ရောင်းချနိုင်မှသာ ကျွန်တော်တို့ရဲ့ ပို့ကုန်ဈေးကွက်က ကျယ်ပြန့်လာပြီးတော့ စိုက်ပျိုးသူတောင်သူများ လုပ်ငန်းရှင်များ ကုန်သည်ပွဲစားများရော၊ နိုင်ငံတော်ပါ အကျိုးဖြစ်မှာဖြစ်ပါတယ်။ ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုရာတွင် ကျွန်တော်တို့ အနေနဲ့ ဝယ်ယူသူနဲ့ ကုန်ပစ္စည်းထုတ်လုပ်သူများအကြား ဆက်စပ်မှုရှိရန်နဲ့ အာမခံချက်ရှိရန် လိုအပ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“သီးနှံရောင်းချရာတွင် ထွက်ရှိသည့်အတိုင်း ရောင်းချရမည့်အစား တန်ဖိုးမြှင့် ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက တိုင်းပြည်အတွက် ပိုမိုပြီးတော့ အကျိုးရှိမှာ ဖြစ်ပါတယ်။ သီးနှံများ ဝယ်ယူရောင်းချရာတွင် ဝယ်သူနဲ့ရောင်းသူတို့ အကျိုးမျှတစွာ ကျင့်သုံးသည့်စနစ်ကို ကျင့်သုံးဖို့လိုအပ်ပါတယ်။ ကုန်စည်ဒိုင်များကလည်း ရောင်းသူနဲ့ ဝယ်ယူအကြား အကျိုးဖြစ်ထွန်းရန် ချိတ်ဆက်ပေးနေရသည့်နေရာ ဖြစ်သည့်အတွက် ကုန်စည်ဒိုင်များအနေနဲ့ စားသုံးသူသက်သာရေး၊ ထုတ်လုပ်သူ အကျိုးရှိရေး မနစ်နာစေရေး ကုန်ဈေးနှုန်းများ မကစားနိုင်ရေး၊ ငွေကြေးပေးချေမှု ပိုမိုချောမွေ့ရေး အာမခံကတိကဝတ်တည်ရေးကလည်း အင်မတန် အရေးကြီးပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေဖြင့် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များ၏ လိုအပ်ချက်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းလျက်ရှိကြောင်း၊ မုံရွာဒေသသည် ပဲမျိုးစုံနှင့် သီးနှံမျိုးစုံထွက်ရှိရာ ဒေသဖြစ်ရာထွက်ရှိသော သီးနှံများကိုလည်း နိုင်ငံတော်က လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ် ရောင်းချခွင့် ပြုထားကြောင်း၊ သက်ဆိုင်ရာသီးနှံအလိုက် အသင်းအဖွဲ့များ၊ ဇုန်များ၊ ဌာနအစုအဖွဲ့များအဖြစ် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် ထွက်ရှိသောသီးနှံများ အရည်အသွေးကောင်းမွန်စေရန် အသင်းအဖွဲ့အချင်းချင်း တိုင်ပင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထွက်ရှိသည့်သီးနှံအား ကုန်ကြမ်းအတိုင်း ရောင်းချမည့်အစား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ် တင်ပို့ရောင်းချပါက အကျိုးအမြတ် ပိုမိုရရှိ လာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာဒုတိယပတ်အတွင်းက ကျင်းပသည့် မုံရွာမြို့ ကုန်စည်ဒိုင်ခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

Eleven Media Group

0 comments:

Post a Comment