Sunday, December 30, 2018

ရန်ကုန်သို့ ခိုးဝင်သည့် ဘင်္ဂါလီ ခုနစ်ဦးကို ဖမ်းမိ

ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့အတွင်းသို့ ခရီးသွားလာခွင့် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ခိုးဝင်လာသူ ဘင်္ဂါလီအမျိုးသားခုနစ်ဦးကို ဒီဇင်ဘာလ ၂၈ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
ဖမ်းမိသူ ဘင်္ဂါလီ အမျိုးသားခုနစ်ဦးမှာ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ သီတာနွယ်လမ်းရှိ သုံးလွှာတိုက်ခန်းတစ်ခန်းတွင် ရောက်ရှိနေသည့် သတင်းရရှိမှုကြောင့် အမှတ် (၂) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အကူတပ် (မင်္ဂလာဒုံ) မှ တပ်ဖွဲ့ဝင်များနှင့်အတူ ဒေါပုံမြို့နယ်ရှိ တာဝန်ရှိသူများက ယင်းတိုက်ခန်းကို ဝင်ရောက်စစ်ဆေးရှာဖွေခဲ့သည်။ 

ယင်းသို့ ဝင်ရောက်ရှာဖွေခဲ့ရာ အသက် ၇၂ နှစ် ဦးအလီဘိုင်(ခ)ဟာစိုးမှာ ရန်ကုန်မြို့သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ခိုးဝင်ရောက်ရှိလာသော ရခိုင်ပြည်နယ် စစ်တွေ၊ မင်းပြား၊ ကျောက်တော်မြို့နယ်များရှိ ကျေးရွာတို့မှ ဘင်္ဂါလီအမျိုးသား ခုနစ်ဦးကို အခကြေးငွေယူပြီး ၎င်း၏နေအိမ်တိုက်ခန်းတွင် လက်ခံထားရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

“ဘင်္ဂါလီ ခုနစ်ယောက်က ကုန်းလမ်းကနေ ရန်ကုန်ထဲ ဘာအထောက်အထားမှ မပါဘဲ ခိုးဝင်လာတာ။ သူတို့ကို ဦးအလီ ဘိုင်က အခကြေးငွေယူပြီး သူ့နေအိမ် တိုက်ခန်းမှာ လက်ခံထားတယ်။ ဒါကြောင့် ဦးအလီဘိုင်ကိုပါ ဖမ်းဆီးအရေးယူထားတယ်”ဟု ရဲအရာရှိက ပြောသည်။ 

အဆိုပါ ဘင်္ဂါလီ အမျိုးသားခုနစ်ဦး ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ဦးအလီဘိုင် အပါအဝင် စုစုပေါင်းရှစ်ဦးကို အမှုဖွင့်အရေးယူပေးပါရန် ဒေါပုံမြို့နယ် လဝက ဦးစီးမှူးက တရားလိုပြုတိုင်ကြားလာသဖြင့် ဒေါပုံမြို့မ ရဲစခန်းက (ပ) ၆၄၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ ဖြင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment