Monday, December 31, 2018

ကန်တော့ခံသက်ကြီးစာပေပညာရှင်များကို ဓမ္မဓိဋ္ဌာန်ကျကျ စိစစ်ရွေးချယ်ခဲ့ဟုဆို


ကန်တော့ခံသက်ကြီးစာပေပညာရှင်တွေကို ဓမ္မဓိဋ္ဌာန်ကျကျ စိစစ်ရွေးချယ်ခဲ့တာလို့ မြန်မာနိုင်ငံ စာရေးဆရာအသင်းက ထုတ်ပြန်ပါတယ်။ 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန် မြို့တော်ခန်းမမှာ ကျင်းပတဲ့ သက်ကြီးစာပေပညာရှင်တွေကို ပူဇော်ကန်တော့ပွဲနဲ့ ပတ်သက်လို့ ကျေးဇူးတင်မှတ်တမ်းမှာ ဖော်ပြထားတာပါ။ 

ကန်တော့ခံ သက်ကြီး စာပေပညာရှင်တွေကို သက်ဆိုင်ရာ မြို့နယ်က တဆင့် စိစစ်ရွေးချယ်ပြီး မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီကို ထောက်ခံ တင်ပြရတယ်လို့ ဆိုပါတယ်။ 

ထောက်ခံတင်ပြတဲ့ အထောက်အထားတွေကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ၊ နိုင်ငံရေး အရောင်အသွေးအရောင်မခွဲခြားဘဲ သတ်မှတ်ထားတဲ့ စာပေဆိုင်ရာ အချက်အလက်တွေနဲ့ ကိုက်ညီတာကိုတွေ့ရရင် ကန်တော့ခံ စာပေပညာရှင်အဖြစ် အတည်ပြုဖို့ ဗဟိုကော်မတီက ဓမ္မဓိဋ္ဌာန်ကျကျ စိစစ်ရွေးချယ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ 

၃၃ ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြီး ရပ်ဝေးကို ရောက်နေသူတွေ၊ မကျန်းမာသူတွေကလွဲလို့ ဖိတ်ကြားထားသူတွေ စုံစုံညီညီ တက်ရောက်ခဲ့သလို ငွေနဲ့ ပစ္စည်း လှူဒါန်းထားသူတွေ၊ စာပေမြတ်နိုးသူတွေ ခန်းမပြည့်လျှံတဲ့အထိ တက်ရောက်ခဲ့ကြတယ်လို့လည်း ကျေးဇူးတင်လွှာမှာ ဖော်ပြပါတယ်။ 

တက်ရောက်ချီးမြှင့်ပေးတဲ့ သက်ကြီးစာပေပညာရှင်တွေ၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို အထူး ကျေးဇူးတင်တယ်လို့လည်း စာရေးဆရာအသင်းက ဆိုပါတယ်။ 

ဒီပွဲမှာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကိုလည်း ဖိတ်ကြားခဲ့တဲ့ အပေါ် စာပေအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ စာပေချစ်သူတွေက ဝေဖန်ကန့်ကွက်ခဲ့ကြ သလို စာရေးဆရာအသင်းဝင်တချို့ အသင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ 

မြန်နိုင်ငံ စာရေးဆရာများ အသင်းဟာ စာပေလုပ်သားအဖွဲ့၊ စာပေနဲ့ စာနယ်ဇင်းအဖွဲ့တွေကတဆင့် ပြောင်းလဲဖွဲ့စည်းလာတာဖြစ်ပါတယ်။

DVB

0 comments:

Post a Comment