Monday, December 31, 2018

သစ်ခွဲသားများ၊ သမင်ဂျိုနှင့် ကြယ်လိပ်ရင်ဘတ်အခွံများ တရားမဝင်သယ်လာသူကိုဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် သစ်ခွဲသားများနှင့် တိရိစ္ဆာန်ဦးဂျိုများတရားမဝင် သယ်ဆောင်လာသူကိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 
ဖြစ်စဉ်မှာဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၆ နာရီအချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်စစ်ဆေးရေးစခန်း၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်းတွင် နမ့်ခမ်းမြို့နယ်နေ ဦးသက်ဝင်း (၄၉)နှစ် မောင်းနှင်လာသည့် SHN 3D/×××× Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးခဲ့ကြောင်းသိရသည်။ 

ထို့နောက် စစ်ဆေးရာယာဉ်ပေါ်တွင် ပီနံအိတ်များဖြင့်ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသော ပိတောက်သစ်(တယောပုံ)ခွဲသား (၅)ချောင်း၊ စက္ကူဂျပ်ဖာများဖြင့်ထုပ်ပိုး၍ တရားမဝင်သယ်ဆောင်လာသော သမင်ဂျိုအကြီး(၅)စုံ၊ သမင်ဂျိုဖြတ်စ(၉၇)ခု၊ ကြယ်လိပ်ရင်ဘတ်အခွံ(၅)ခုတို့တွေ့ရှိခဲ့ကြောင်း သိရသည်။ 
  
“ဖမ်းဆီးရမိထားတဲ့သူကိုလက်ရှိမှာအမှုဖွင့်စစ်ဆေးနေပါတယ်။ ဖြစ်စဉ်ကတော့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ” ဟု အုန်းချောနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ 

အဆိုပါ သစ်ခွဲသားများနှင့် တိရိစ္ဆာန်ဦးဂျိုများတရားမဝင်သယ်ဆောင်လာသူကို အုန်းချောနယ်မြေရဲစခန်း၌ (ပ)၃၀၅/၂၀၁၈၊ သစ်တောဥပဒေပုဒ်မ၄၂(က)ဖြင့်လည်းကောင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄၁(က)ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။ 
ဓာတ်ပုံ-ရဲဇာနည် 

ရဲကျော်ထက် (အကုန်သိသတင်းဌာန)

0 comments:

Post a Comment