Monday, December 31, 2018

အရက်မူးပြီး ဓါးကိုင်ရမ်းကားသူက လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုပြန်လည်ရန်ပြုသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီး


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အရက်မူးပြီး ဓါးကိုင်ရမ်းကားသူက လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်ကိုပြန်လည်ရန်ပြုသဖြင့် သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးရသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက် ၈ နာရီ ၃၀ အချိန် တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၅)ရပ်ကွက်နေ ဥက္ကာစိုး (၂၇)နှစ်သည် အရက်မူးကာ ဓါးကိုင်ရမ်းကားနေသဖြင့် သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် ကြီး လှိုင်မြင့်(၄၉)နှစ်နှင့်အဖွဲ့မှ သွားရောက် ထိန်းသိမ်းစဉ် ဥက္ကာစိုးမှ အသင့်ကိုင်ထားသော အရိုးအသွား ၁ ပေခန့်ရှိ ဓါးဖြင့် ရန်ပြုရန် ပြေးလာခဲ့ကြောင်း သိရသည် ။ 

ထို့နောက် ဓါးဖြင့် ရန်ပြုရန် ပြေးလာသဖြင့် ရဲတပ်ကြပ်ကြီး လှိုင်မြင့်မှ ၁၂ ဗို့ သေနတ်ဖြင့် တစ်ချက် သတိပေး ပစ်ခတ်ခဲ့ရာ ဥက္ကာစိုးတွင် ဝဲနထင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိ၍ သင်္ဃန်းကျွန်း (စံပြ) ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဥက္ကာစိုးအား သုဝဏ္ဏနယ်မြေ ရဲစခန်း၌(ပ) ၈၀၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၅၃ (လူသတ်ရန် အားထုတ်မှု/ တာဝန်ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား လက်ရောက်မှု)ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။ 

ရဲကျော်ထက်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment