Monday, December 31, 2018

မြန်မာ့အလှအပများကို လာရောက်ခံစားကြရန် ခရီးသွားသံတမန် အောင်လအန်ဆန်ဖိတ်ခေါ်


တကမ္ဘာလုံးက ခရီးသွားဧည့်သည်တွေအနေနဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို လာရောက် ခံစားကြဖို့ One Championship MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ဖိတ်ခေါ်လိုက်ပါတယ်။ 
အောင်လအန်ဆန်ကို အမေရိကန် ဈေးကွက်အတွက် မြန်မာနိုင်ငံရဲ့ ခရီးသွားသံတမန်အဖြစ် အစိုးရက တရားဝင်ခန့်အပ်လိုက်ပြီးနောက် အောင်လအန်ဆန်က သူ့ရဲ့ လူမှုကွန်ရက်ကနေ ခုလို ဖိတ်ခေါ်ထားတာပါ။ 

“ဒီလိုခန့်အပ်ခြင်းခံရလို့ ဝမ်းသာဂုဏ်ယူရပါတယ်။ တကမ္ဘာလုံးက ခရီးသွားဧည့်သည် တွေကို မြန်မာနိုင်ငံရဲ့ အလှအပတွေ ကိုယ်တိုင်ထိတွေ့ ခံစားနိုင်ဖို့ ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ နိုင်ငံက မတူကွဲပြားမှုတွေနဲ့ ရင်းနှစ် နှစ်လိုဖွယ်ကောင်းတဲ့ ဒေသခံတွေ၊ ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦတွေကို လာရောက်လေ့လာပါ။ ပြီးတော့ သိပ်အရသာရှိတဲ့ ဒေသအသီးသီးက အစားအသောက် ဟင်းလျာတွေကို မြည်းစမ်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ်” 

ဒီဇင်ဘာ ၂၉ ရက်ညက ရန်ကုန်မြစ်အတွင်းသွား အပျော်စီး သင်္ဘောAlexandra Cruise ပေါ်မှာ အောင်လအန်ဆန်နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် မြန်မာနိုင်ငံ ဈေးကွက်မြှင့် တင်ရေးအသင်းတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ခရီးသွား သံတမန်အဖြစ် တရားဝင် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ ထင်ရှားကျော်ကြားပြီး နိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံတဦးဖြစ်တဲ့ အောင်လအန်ဆန်ကို ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်တယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။ 

မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်မှုဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခသတင်းတွေကြောင့် သိသိသာသာ လျော့နည်း ကျဆင်းနေချိန်မှာ အောင်လအန်ဆန်ကို ခရီးသွားတမန်အဖြစ် ခန့်အပ်ပြီး ခရီးသွားလုပ်ငန်း မြှင့်တင်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။ 

ဓာတ်ပုံ- Aung La Nsang 
DVB 

0 comments:

Post a Comment