Sunday, December 30, 2018

ထားဝယ်တွင် သန့်ရှင်းရေးဝန်ထမ်းများကို ဂုဏ်ပြုမည်


ထားဝယ်မြို့ရှိ သန့်ရှင်းရေးဝန်ထမ်းများကို အခမ်းအနားဖြင့် ဂုဏ်ပြုပွဲကျင်းပမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 
ထားဝယ်မြို့နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့၏ သန့်ရှင်းရေးဝန်ထမ်းများနှင့် ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် သန့်ရှင်းရေးဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နေ့ ညနေ ၆ နာရီ တွင် ဆိပ်ကမ်းသာပန်းခြံ၌ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ဆိုသည်။ 

အဆိုပါဂုဏ်ပြုပွဲတွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံမည်ဖြစ်ပြီး သန့်ရှင်းရေးဝန်ထမ်းတစ်ဦးလျှင် အင်္ကျီတစ်ထည်စီ လက်ဆောင်ပေးမည်ဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ပြောသည်။ 

သန့်ရှင်းရေးဝန်ထမ်းအလုပ်ကို ရှက်စရာဟု မမြင်ဘဲ လူငယ်အချို့က ဝင်ရောက်လုပ်ကိုင်နေကြပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ဂုဏ်ပြုသည့်အနေနှင့် ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

“သူတို့တွေရဲ့ စိတ်ဓာတ်တွေကို လေးစားတဲ့အနေနဲ့ ဂုဏ်ပြုပေးတာ”ဟု ဦးကျော်ကျော်ဦးက ပြောသည်။ 

ထားဝယ်မြို့တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းများ၌ အလုပ်လုပ်နေကြသည့် သန့်ရှင်းရေး ဝန်ထမ်း စုစုပေါင်း ၇၂ ဦးရှိကြောင်း အထက်ပါကော်မတီထံမှ သိရသည်။ 

လမ်း၊ ဈေး၊ အမှိုက်သိမ်းလုပ်ငန်း အစရှိသည့် သန့်ရှင်းရေးအလုပ်လုပ်နေ သည့်ဝန်ထမ်းများ ပါဝင်သည်။ 

ယခင်က ထိုကဲ့သို့ အသိအမှတ်ပြုခံ ရခြင်း လုံးဝမရှိဘဲ ယခုကဲ့သို့ ဂုဏ်ပြုမည် ဆိုပါက ဝမ်းသာရမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေလင်းယုန်ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းတွင် လုပ်ကိုင်နေ သည့် အမှိုက်သိမ်းဝန်ထမ်း ကိုညီညီက ဆိုသည်။ 

“ဒီလို အသိအမှတ်ပြုခံရတာ တစ်ခါမှ မရှိခဲ့ဖူးဘူး” ဟု ကိုညီညီက ပြောသည်။ 

ယင်းအခမ်းအနားတွင် သန့်ရှင်းရေးဝန်ထမ်းများကို ဂုဏ်ပြုမည့်အပြင် စည်ပင်အဖွဲ့က လုပ်ဆောင်နေသည့် လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်လှူဒါန်းခဲ့သူများကိုလည်း ဂုဏ်ပြုရန် စီစဉ်နေကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment