Sunday, December 30, 2018

မိဘအပေါ်သိတတ်သည့် ထိုင်ဝမ်အမျိုးသား၏ အခက်အခဲကို ၀ိုင်းဝန်းကူညီသူ များပြား


မိဘအပေါ် သိတတ်လိမ္မာတဲ့ သားသမီးတိုင်းဟာ ဘယ်တော့မှ ဒုက္ခမရောက်ဘူးဆိုတဲ့ အခြေအနေကို သက်သေပြနိုင်တဲ့ ဖြစ်ရပ်တခု တိုင်ပေမှာဖြစ်ပွားခဲ့ပါတယ်။ 
ဒီဖြစ်စဉ်တခုလုံးရဲ့ အဓိကနေရာမှာ အသက် ၂၀ အရွယ် လင်ချင်ဆိုင်းဆိုတဲ့ အမျိုးသားတဦး ပါဝင်နေပြီး သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ မနက်အစောပိုင်းမှာ မိသားစုအလုပ်အတွက် ပစ္စည်းပို့တဲ့ အလုပ်လုပ်ရင်း ရပ်ထားတဲ့ ဖာရာရီကားလေးစီးကို ဝင်တိုက်မိခဲ့တာလို့ Sky News သတင်းမှာဖော်ပြပါတယ်။ 

လင်ဟာ ဒီယာဉ်တိုက်မှုကြောင့် ထိုင်ဝမ်ဒေါ်လာ ၁၂ သန်း (ပေါင် ၃၀၉,၀၀၀) ကို လျော်ကြေးပေချေရမှာဖြစ်ပြီး ၁ လကို ထိုင်ဝမ်ဒေါ်လာ ၃၅,၀၀၀ ပဲရတဲ့ သူ့အတွက်တော့ ဒီငွေဟာ ၂၈ နှစ်လုပ်အားခနဲ့ ကိုက်ညီနေပါတယ်။ 

သတင်းတွေအရ လင်ဟာ ကားမောင်းစဉ် အိပ်ပျော်သွားခဲ့ရာမှ ဒီလိုယာဉ်တိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပြီး သူတို့မိသားစုသုံးကားရဲ့ အာမခံပေါ်လစီအရလည်း လူထိခိုက်မှုအတွက်ပဲ အာမခံကြေးရရှိမှာဖြစ်ပြီး ယာဉ်ထိခိုက်မှုအတွက်တော့ မပါဝင်ပါဘူး။ 

လင်ရဲ့အခြေအနေဟာ တိုင်ပေမှာရှိတဲ့ အောက်ခြေလူတန်းစားတွေ ကြုံတွေ့နေရတဲ့ ကြပ်တည်းမှုဘဝကို ဖော်ပြနေပြီး သူဟာ ပိုက်ဆံချို့တဲ့မှုကြောင့် ဒီနှစ်အစောပိုင်းမှာ ကောလိပ်က ထွက်ခဲ့ရပါတယ်။ သူ့အဖေဟာလည်း မကြာသေးခင်နှစ်များက ဆုံးပါးသွားခဲ့ပြီး လင်ဟာ နေ့မအားညမအား အလုပ်လုပ်ကာ မိသားစုကို တစ်ဖက်တစ်လမ်းက ကူညီနေသူဖြစ်ပါတယ်။ 

ယာဉ်တိုက်မှုဖြစ်တဲ့နေ့မှာလဲ လင်ဟာ စားသောက်ဆိုင်တခုမှာ ညဆိုင်းအလုပ်ဆင်းနေရာကနေ ည ၃ နာရီမှ အိမ်ပြန်ရောက်ခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ သူ့အမေနေမကောင်းဖြစ်နေတာကို တွေ့ခဲ့ရပြီး မိခင်အစား အသုဘတွေမှာသုံးတဲ့ ငွေစက္ကူအတု တွေကို အသုဘအမီသွားပို့ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ 

စက္ကူတွေကို သွားပို့နေတဲ့ လမ်းမှာတင် ကားမောင်းရင်း အိပ်ပျော်သွားတာကြောင့် အခုလို ယာဉ်တိုက်မှုဖြစ်ခဲ့တာပါ။ လင်ရဲ့သတင်းဟာ ချက်ချင်းကို နာမည်ကြီးသွားခဲ့ပြီး သူ့ကို ကူညီချင်တဲ့သူတွေ အလျိုအလျိုပေါ်ပေါက်လာခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရလည်း ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ လင်ဟာ အရက်သေစာသောက်စားထားခြင်းမရှိသလို၊ သူ့လိုင်စင်မှာလည်း တခါမှပြစ်မှုကျူးလွန် ခဲ့ဖူးခြင်းမရှိပါဘူး။ 

ဒီလိုရိုးသားကြိုးစားပြီး မိဘကိုသိတတ်တဲ့ လင်အတွက် တိုင်ပေဒေသခံတွေက ဝိုင်းဝန်းကူညီဖို့ ဆုံးဖြတ်ခဲ့ကြပြီး အခုဆိုရင် သူလျော်ကြေးငွေပေးဖို့ ပါဝင်လှူဒါန်းမှုအကြိမ် ၁၀၀ ကျော်ရှိလာကာ ထိုင်ဝမ်ဒေါ်လာ ၇၄၀,၀၀၀ (ပေါင် ၁၉၀၀၀) လောက်ေ ငွေကြေးစုဆောင်မိနေပြီလို့ သိရပါတယ်။ 

ဒါဟာ မိဘအပေါ် သိတတ် နားလည်မှုအတွက် သူပြန်ရလိုက်တဲ့ ဆုလဒ်တွေဖြစ်ပြီး နောက်ထပ် လူပေါင်းများစွာကလည်း သူ့လျော်ကြေးမှာ ထည့်ဝင်ကူညီဖို့နဲ့ တရားရုံး စရိတ်တွေအတွက် ဆက်သွယ်လှူဒါန်းဖို့ ဆောင်ရွက်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

DVB

0 comments:

Post a Comment