Sunday, December 30, 2018

ကျိုက်မရော အကျဉ်းထောင်ဝန်ထမ်းထံမှ စိတ်ကြွဆေးများ ဖမ်းမိ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ ကျိုက်မရော အကျဉ်းထောင်ထဲ၌ ဒီဇင်ဘာလ၂၆ ရက် ည ၁၁ နာရီခန့်က အကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
“ကျိုက်မရော အကျဉ်းထောင်အသစ်မှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်ဆိုတာဟုတ်ပါတယ်။အကျဉ်းသားတစ်ယောက်က ရဲတပ်သားဝန်ထမ်းတစ်ယောက်ကို အပြင်ကနေ ယူခိုင်းတာပါ။ အဲ့ဒီရဲတပ်သားကိုရော အကျဉ်းသားရော၊ လာပို့တဲ့သူကိုရော အမှုဖွင့် အရေးယူထားပါတယ်”ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး (ဦးစီး) ရဲမှူးဝင်းမြင့် အတည်ပြု ပြောဆိုခဲ့သည်။ 

အကျဉ်းထောင်အတွင်း မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း သတင်းအရ အကျဉ်းထောင်ထဲတွင် တန်းစီလူစစ်ပြီးအချိန်တွင်ရှာဖွေရာ အသက် ၂၃ နှစ်ရှိ ကိုယ်ပိုင်အမှတ် - ၃၃၉၉၅ တပ်သား ထွဋ်အောင်ဇော်၏ ခန္ဓာကိုယ်အား ရှာဖွေရာ အမဲရောင်အတွင်းခံ ဘောင်းဘီအတွင်းမှ အမဲရောင် တိပ်ဖြင့်ပတ်ထားသော ပလပ်စတစ်အိတ်အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၉၄) ပြား၊ အစိမ်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၆) ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀) ပြား၊ တစ်ပြားလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ကျပ်သိန်း (၂၀) ဖိုးကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ 

စစ်ဆေးချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ကျိုက်မရော အကျဉ်းထောင်ထဲတွင် အပြစ်ကျ တရားခံ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တံတားဖြူရပ်ကွက်နေ အသက် ၃၆ နှစ်ရှိ အောင်အောင်၏ဇနီးဖြစ်သူ မော်လမြိုင်မြို့တွင် ရောက်ရှိနေသည့် မဆွေဇင်ဦးဆိုသူမှ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားသဖြင့် သွားရောက်ယူဆောင်လာသော ဆေးပြားများဖြစ်ကြောင်းနှင့် ယင်းဆေးပြားများကို အကျဉ်းထောင်ထဲတွင် အကျဉ်းသား အောင်အောင်မှ ဆေးပြား (၁) ပြားလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

မူးယစ်ဆေးဝါး ဖမ်းစီးရမိခြင်းနှင့်ပတ်သက်၍ တပ်သား ထွဋ်အောင်ဇော်၊အကျဉ်းသား အောင်အောင်နှင့် မဆွေဇင်ဦးတို့ သုံးဦးကို ကျိုက်မရော မြို့မရဲစခန်းတွင် မယ (ပ) ၃၂/ ၂၀၁၈၊ မူးယစ်/စိတ်ပြောင်း ဥပဒေပုဒ်မ - ၁၆ (ဂ)/ ၁၉(က) / ၂၁ ဖြင့် အမှုဖွင့်အရေးယူထားသည်။

The Voice

0 comments:

Post a Comment