Monday, December 31, 2018

IS အုပ်စုဝင် ဂျာမန်အမျိုးသမီး ကျွန်အဖြစ်မွေးထားသည့် ကလေးငယ်ကို ရေငတ်သေဆုံးအောင် ပြုလုပ်ခဲ့



IS စစ်သွေးကြွအုပ်စုဝင်ဖြစ်ခဲ့သော ဂျာမနီနိုင်ငံသူတစ်ဦးသည် အသက် ၅ နှစ် အရွယ်ကလေးငယ်ကို နေပူထဲတွင် နေလှန်းထားကာ ရေဆာလောင်သည့် ဝေဒနာဖြင့် သေစေခဲ့မှုကြောင့် ဂျာမနီရှိတရားရုံးတွင် စစ်ရာဇဝတ်မှုဖြင့် တရားစွဲဆိုခံထားရပြီဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
အသက် ၂၇ အရွယ်ရှိဂျနီဖာဒဗလျူဟု အမည်ရသော ယင်းဂျာမန်အမျိုးသမီးသည် ၂၀၁၅ ခုနှစ်က အီရတ်နိုင်ငံ မိုဆူးလ် မြို့တွင် သူမ၏ခင်ပွန်းဖြစ်သူနှင့်အတူ IS အကြမ်းဖက်အုပ်စုဝင်ဖြစ်ခဲ့စဉ်က ကလေးငယ်တစ်ဦး (မိန်းကလေး) ကို အိမ်ကျွန်အဖြစ် ဝယ်ယူခဲ့သည်။ 

ယင်းကလေးငယ် မိန်းကလေးနာ မကျန်းဖြစ်လာသောအခါ ဂျာမန်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူကတိုင်တွင် ကြိုးချည်ကာ ချုပ်နှောင်ထားခဲ့သည်။ သို့သော် ဂျနီဖာဒဗလျူသည် အဆိုပါကလေးငယ်ကို တစ်စုံတစ်ရာ ဖေးမကူညီခဲ့ခြင်းမရှိကြောင်း ဂျာမန်အစိုးရရှေ့နေများက ဆိုသည်။ 

သို့အတွက်ကြောင့် သူမကို စစ်ရာဇဝတ်မှုသာမက လူသတ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့ဖြင့်ပါ ဂျာမန်တရားရုံးတော်က စွဲချက်တင်ထားသည်။ 

အကယ်၍ မြူးနစ်မြို့ရှိ ယင်းတရားရုံးတွင် အမှုစီရင်ရာ၌ ပြစ်မှုထင်ရှားပါက သူမအနေနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ်ရှိသည်။ 

အဆိုပါကလေးငယ် မိန်းကလေးမှာ အသက် ၅ နှစ်အရွယ်သာ ရှိခဲ့ကြောင်း၊ ယင်းကလေးငယ်ကို စစ်သုန့်ပန်းအုပ်စုထဲမှ ၎င်းတို့လင်မယားက ကျွန်အဖြစ်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 

ဂျာမန်မီဒီယာများ ဖော်ပြချက်အရ ယင်းကလေးငယ်သည် အီရတ်နိုင်ငံရှိ လူနည်းစုဖြစ်သော ရာဇီဒီလူမျိုးနွယ်ထဲမှ ဖြစ်နိုင်ကြောင်း၊ IS စစ်သွေးကြွအုပ်စု ၂၀၁၄ ခုနှစ်က အီရတ်မြောက်ပိုင်းကို သိမ်းပိုက်ခဲ့စဉ် ရာဇီဒီလူမျိုးတို့ အမြောက်အမြား ဖမ်းဆီးညှဉ်းဆဲခံခဲ့ရကြောင်း သို့မဟုတ် သတ်ဖြတ်ခံရကြောင်း သိရှိရသည်။ 

“၅ နှစ်အရွယ် ကလေးငယ်မိန်းကလေး နာမကျန်းဖြစ်သောကြောင့် သူမ၏ အိပ်ယာ ညစ်ပေစိုစွတ်ခဲ့ရာ ဂျနီဖာဒဗလျူ၏ ခင်ပွန်းဖြစ်သူက ကလေးငယ်ကို ပြစ်ဒဏ်ပေးသည့်အနေနှင့် အိပ်ပြင်ထုတ်ကာ နေပူလှန်းပြီး ရေငတ်သည့် ဝေဒနာဖြင့်သေဆုံးအောင် ပြုလုပ်ခဲ့သည်”ဟု ဂျာမန်အစိုးရ ရှေ့နေများက ကြေညာချက်တွင် ဖော်ပြထားသည်။ 

“ယင်းအမျိုးသမီးသည် ခင်ပွန်းဖြစ်သူကို ထိုသို့လုပ်ခွင့်ပြုခဲ့သလို ကလေးငယ် မိန်းကလေးကိုလည်း တစ်စုံတစ်ရာ ဖေးမကူညီခဲ့ခြင်းမရှိပေ”


The Voice 

0 comments:

Post a Comment