Monday, December 31, 2018

ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ အာဏာရပါတီအနိုင်ရ၊ အတိုက်အခံများ မဲရလဒ်ပယ်ချ


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာရဲ့အာဏာရပါတီနဲ့ မဟာမိတ်တွေက မဲအပြတ်အသတ်နဲ့ အနိုင်ရတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ကြေညာပါတယ်။ 
လွှတ်တော်အမတ်နေရာ ၃၀၀ အနက် ၀န်ကြီးချုပ်ရဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူ့အဖွဲ့ချုပ် အ၀ါမီလိဂ်ပါတီနဲ့ မဟာမိတ်တွေက အမတ်နေရာ ၂၈၈ နေရာနဲ့ အနိုင်ရတာဖြစ်ပြီး ရှိတ်ဟာဆီးနာအတွက်တော့ ၃ ကြိမ် ဆက်တိုက် ရွေးကောက်ပွဲ အနိုင်တာလည်းဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ် အတိုက်အခံတွေကတော့ ရွေးကောက်ပွဲ ရလဒ်ကို မသမာမှုတွေ ရှိတယ်လို့ စွပ်စွဲပယ်ချလိုက်ပြီး ဘက်မလိုက် ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ရွေးကောက်ပွဲသစ် ပြန်ကျင်းပဖို့တောင်းဆိုပါတယ်။ 

အတိုက်အခံ မဟာမိတ်အဖွဲ့ ခေါင်းဆောင် ခါမယ်လ်ဟူစိန်ကတော့ ဒီရွေးကောက်ပွဲကို ဖျက်သိမ်းပြီး တတ်နိုင်သမျှ အမြန်ဆုံး နောက်ထပ် ရွေးကောက်ပွဲ ထပ်ကျင်းပဖို့ရွေးကောက်ပွဲ ကော်မရှင်ကို သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုပါတယ်။ 

“ရွေးကောက်ပွဲ တခုလုံးဟာ မကြုံစဖူး ကြိုးကိုင် ခြယ်လှယ်ထားခံရတယ်။ အရင်ကလည်း ဆိုးတဲ့ရွေးကောက်ပွဲတွေ ကြုံဖူးပါတယ်။ ဒါပေမယ့် ဒီလိုကြိုးကိုင်ထားတာမျိုး တခါမှ မရှိဖူးဘူး။ လူတွေ မဲပေးလို့မရဘူး။ ကိုယ်စားလှယ်တွေရဲ့ အေးဂျင့်တွေက ရွေးကောက်ပွဲကနေ ဖယ်ထားခံရတယ်။ မဲလိမ်တွေ ပြွန်းတီးနေသေးတယ်” 

ရွေးကောက်ပွဲကာလတွင်း အကြမ်းဖက်မှုတွေကြောင့် လူ ၁၇ယောက် သေဆုံးပြီး မဲမသမာမှုတွေ ရှိတယ်လို့လည်း စွပ်စွဲခံထားရပါတယ်။ 

ဓာတ်ပုံ-Daily Star
DVB

0 comments:

Post a Comment