Monday, December 31, 2018

မြောင်းမြကြိုးဆိုင်းတံတားကို လာမည့် နှစ် ဧပြီလ မှ စတင်ကာ အသုံးပြုနိုင်တော့မည်


ပြီးခဲ့သည့် ဧပြီလတွင် ပြတ်ကျခဲ့သည့် မြောင်းမြကြိုးတံတားကို အသစ်ပြန်လည် တည်ဆောက်နေပြီး လာမည့် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 
လက်ရှိတွင် မြောင်းမြတံတား တည်ဆောက်မှုမှာ ၇၆ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီး ဧပြီလ တစ်ရက်မှစ၍ ယာဉ်များ စတင်ဖြတ်သန်းနိုင်ပြီဖြစ်ကြောင်း ယင်းအပြင် ယာဉ်တစ်စီးချင်း၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ပြီး တံတား၏ သက်တမ်းကို နှစ် ၁၀၀ သတ်မှတ်ထားကာ တံတားတစ်စင်းလုံး၏ စုစုပေါင်းကုန်ကျငွေမှာ ၂၅ ဒဿမ ၂၅ ဘီလျံရှိကြောင်း သိရသည်။ 

“တံတားက အခုဆိုရင် တော်တောလေးပြီးစီးနေပြီ။ ဒီတံတားကို မြန်မာအင်ဂျင်နီယာတွေကပဲ တာဝန်ယူတည်ဆောက်တာပါ။ ၂၀၁၉ မတ်လကုန်လောက် အပြီးတည်ဆောက်သွားမယ်။ အခုကတော့ ၆၈ တန် အလေးချိန်ရှိတဲ့ ယက်မ တပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း တစ်ခြားကြိုးတံတားတွေကို စစ်ဆေးမှုပြုလုပ်နေတယ်။ ပြင်စရာရှိတာဆိုရင်တော့ ချက်ခြင်းပြင်သွားမှာပါ”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ 

တံတားအသစ်သည် နည်းပညာအရ တည်ဆောက်ချိန် (၃)နှစ်ခန့် ကြာမြင့်မည်ဖြစ်သော်လည်း လမ်းပန်းဆက်သွယ်မှု အခြေအနေအရ တံတားအသစ်(၁)စင်း အမြန်လိုအပ်နေပြီဖြစ်သောကြောင့် တံတားအသစ်ကို (၁)နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယင်းအပြင် မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးသော တံတားများကို နှစ်စဉ် (၁)နှစ်လျင် (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ကြိုးတံတားများမှာ မြောင်းမြတံတား အပါအ၀င် စုစုပေါင်း တံတားအစင်း(၃၀)ရှိပြီး ကျန်ရှိနေသည့် ကြိုးတံတားများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ 

စုသက်နှင်း(အကုန်သိသတင်းဌာန)

0 comments:

Post a Comment