Monday, December 31, 2018

မန္တလေးတိုင်းအတွင်းရှိခွင့်ပြုမထားသောမြေများတွင်ငါးကန်တူးဖော်ပါက ၁ ဧကလျှင် ဒဏ်ငွေ ၁၀ သိန်း ကောက်ခံရန် ဆောင်ရွက်နေ


မန္တလေးတိုင်းဒေသကြီး၌ မွေးမြူရေလုပ်ကိုင်ရန်တရားဝင်ခွင့်မပြုထားသောမြေများတွင် ငါးမွေးကန် တူးဖော်ထားပါက ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ မြေတစ်ဧကလျှင် ဒဏ်ကြေးကျပ် ၁၀ သိန်းကောက်ခံရန် မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။ 
လက်ရှိ မန္တလေးတိုင်းဒေသကြီးအတွင်းတရားဝင်ခွင့်ပြုချက်မရရှိဘဲ ငါးမွေးကန်တူးဖော်လုပ်ကိုင်နေသည့် မြေဧကပေါင်း ၇၀၀၀ ကျော်ရှိကြောင်းသိရသည်။ 

“မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်က မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ကိုအကြောင်း ကြားလာတာ။ မန္တလေးတိုင်းဒေသကြီးအစိုးရက နှိုးဆော်တဲ့စာတွေ ပို့ထားတယ်လို့ သိရတယ်။ သတ်မှတ်ရက် ကိုဒဏ်ကြေးမပေးဘူးဆိုရင် အရေးယူမယ်လို့ အသိပေးနှိုးဆော်စာထဲမှာပါတယ်လို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ကပြောတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ကပြောသည်။ 

မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယင်းမြေများကိုတစ်ဧကလျှင် ဒဏ်ငွေ ကျပ် ၁၀ သိန်း ကောက်ခံသွားမည်ဖြစ်ကာမပေးဆောင်နိုင်ပါကတရားစွဲဆိုသွားမည်ဟု မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်သို့ အကြောင်းကြားထားကြောင်း သိရသည်။ 

ယင်းသို့ မွေးမြူရေးကန်များအပေါ် ဒဏ်ကြေးငွေကောက်ခံခြင်းသည် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများရေရှည် ရပ်တည်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပေါ်ထိခိုက်စေနိုင်သဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်တို့သည် ပြည်ထောင်စုဝန်ကြီးသို့ ယင်းကိစ္စနှင့်ပတ်သက်၍ တင်ပြတောင်းဆိုထားကြောင်း သိရသည်။ 

သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

0 comments:

Post a Comment