Monday, December 31, 2018

ကချင်စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ တရုတ်အစိုးရကူညီပေးသွားမည်


ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး တရုတ်အစိုးရဘက်က ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန်လျန်က ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၂ ရက်ကြာ သွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာတွင် မစ္စတာဟုတ်လျန်က ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

 “စစ်ဘေးရှောင်တွေနဲ့ လောလောဆယ် ဒုက္ခရောက်နေတာ သူတို့သိတယ်။ အဲ့တော့ သူတို့လည်း ကူညီမှာပါ။ ကူလည်း ကူညီကြပါတယ်။အတိုင်းအတာတစ်ခုအနေနဲ့ ကူညီတာရှိတယ်။ ဆေးဝါးပြတ်လပ်တာကို စိတ်မကောင်းဘူးတဲ့။ စစ်ရှောင်တွေကလည်း သူတို့ဒေသပြန်ချင်နေကြပြီလေ” ဟု မစ္စတာဟုတ်လျန်နှင့်တွေ့ဆုံရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကချင်ပြည်နယ်ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာ မနမ်တူးဂျာက ပြောဆိုခဲ့သည်။

လက်ရှိအချိန်မှာ ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တစ်ချို့နေရပ်ပြန်နိုင်ဖို့ တပ်မတော်ဘက်က ဒေသအချို့မှာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးထွန်းနေလင်းက ပြောဆိုတယ်လို့ BBC သတင်းဌာနက သတင်းမှာ ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မှ ၂၀၁၈ ဒီဇင်ဘာ လအထိ ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ယာယီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည့်ဒေသခံများသည် ခုနှစ်သောင်းကျော်ခန့် ရှိနေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးမှ စစ်တမ်းကောက်ယူထားသည်။

ယင်း ဒုက္ခသည်များသည် ကာလတို နေရပ်စွန့်ခွာတိမ်းရှောင်သူများဖြစ်ပြီး ၄င်းတို့၏ နေရပ်သို့ ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် လအနည်းငယ်အတွင်း ပြန်သွားနိုင်ခဲ့သည်ဟုလည်း သိရသည်။

သို့သော်လည်း  ၂ဝ၁၁ခုနှစ်က စတင်ပြီး ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ကချင်နှင့်ရှမ်းပြည်နယ်တွင်းရှိ စခန်းများတွင်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူလူဦးရေ တစ်သိန်းကျော်ခန့်ရှိမည်ဟု ကုလသမဂ္ဂမှ ခန့်မှန်းထားသည်။


ဓာတ်ပုံ-သူရ/မဇ္ဈိမ

0 comments:

Post a Comment