Monday, December 31, 2018

ဖိလစ်ပိုင်မုန်တိုင်း သေဆုံးသူ ၆၈ ဦးအထိ ရှိလာ


ဖိလစ်ပိုင်နိုင်ငံကို ခရစ္စမတ်အပြီး ၀င်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ၆၈ ဦး အထိ ရှိလာခဲ့ကာ အရေအတွက် ထပ်မြင့်လာနိုင်ကြောင်း အရပ်ဘက်ကာကွယ်ရေး တာဝန်ရှိသူတွေက ဒီဇင်ဘာ ၃၁ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။ 
  
မုန်တိုင်းကြောင့် မနီလာ အရှေ့ တောင်ဘက် ဘီကိုလ်တောင်တန်းဒေသမှာ လူ ၅၇ ဦး အထိ သေဆုံးခဲ့ကာ အလယ်ပိုင်းကျွန်း ဆမ်မာမှာ ၁၁ ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှုနဲ့ ရေနစ်သေဆုံးမှုတွေဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူဦးရေ မြင့်တက်လာမှုအတွက် စိုးရိမ်ထိတ်လန့် မိကာ ရှင်းလင်းရမယ့် နေရာတွေ အခုထိရှိနေသေးတာကြောင့် သေဆုံးသူဦးရေ ဆက်တိုးလာနိုင်ကြောင်း ဘီကိုလ်အရပ်ဘက်ကာကွယ်ရေး ညွှန်ကြားရေးမှူး ကလောက်ဒီယို ယူကွတ် က ပြောဆိုပါတယ်။ 

ဒေသတွင်း အခေါ်အရ အူစ်မန်လို့  အမည်ရတဲ့ မုန်တိုင်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ က ဖိလစ်ပိုင်နိုင်ငံတွင်း ၀င်ရောက်မွှေနှောက်ခဲ့တာဖြစ်ပါတယ်။ လေတိုက်နှုန်း အပြင်းကြီး မဟုတ်ပေမယ့် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေလွှမ်းမိုး မြေတိုက်စားမှုတွေဖြစ်ကာ အချို့ ဧရိယာတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရရဲ့မုန်တိုင်းသတိပေးချက်စနစ်အရ အူစ်မန်ဟာ တိုင်ဖွန်းမုန်တိုင်းအဆင့် လေတိုက်နှုန်းမျိုးမရှိနိုင်ဘူးလို့  ထုတ်ပြန်ခဲ့တာကြောင့် လူအများစုဟာ မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေ အားနည်းခဲ့ကြောင်း ယူကွတ် က ပြောဆိုပါတယ်။ 
  
အူစ်မန်ဟာ နိုင်ငံတွင်းမှ ဆုတ်ခွာကာ အနောက်ဘက်အရပ်ကို ဦးတည်ရွေ့ လျားသွားခဲ့ပြီ ဖြစ်ပေမယ့် မုန်တိုင်းသင့် ဧရိယာတွေမှာ အခုတိုင် မိုးရွာသွန်းမှုတွေရှိနေပြီး ကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ အခက်ကြုံနေရကြောင်းလည်း ၄င်းက ဆက်လက်ပြောဆို ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လူ ၁၇ ဦး ထက်မနည်းပျောက်ဆုံးနေသေးကာ နိုင်ငံတ၀န်း လူ ၄ သောင်းကျော် နေအိမ်စွန့် ခွာခဲ့ရတယ်လို့  အရပ်ဘက်ကာကွယ်ရေးရုံးက ထုတ်ပြန်ပါတယ်။ 
  
Ref: CNA 
ကိုလင်း (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment