Sunday, December 30, 2018

မြန်မာ-တရုတ် ချစ်ကြည်ရေး နိုင်ငံဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲ ကျင်းပမည်



မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မှာ နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ မာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။

အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ ရွှေလီမြို့၊ ကျယ်ဂေါင် ယဉ်ကျေးမှုကွင်းပြင်ကနေ စတင်တာထွက်မှာဖြစ်ပြီး မူဆယ်မြို့၊ နန်းတော်ပေါက်ကနေ မြန်မာနိုင်ငံဘက်ကိုဝင်ပြီး ပြည်ထောင်စုလမ်းမကြီး၊ ထူးရှယ်လမ်း၊ မင်္ဂလာမူဆယ်ကိုပတ်ကာ မူဆယ်မြို့ ဆင်ဖြူပေါက်ကပဲ တရုတ်ပြည်ကိုပြန်ဝင်ပြီး ရွှေလီမြို့က နုံမော်ဟူးပန်းခြံမှာ ပန်းဝင်ရမှာ ဖြစ်တယ်လို့ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပြောပါတယ်။

“နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲဟာ နှစ်နိုင်ငံ ချစ်ကြည်ဖလှယ်မှုကို မြှင့်တင်စေဖို့နဲ့ နယ်စပ် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံမှုကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အခုနှစ်မှာ ကျင်းပပြုလုပ်တဲ့ အပြေးပြိုင်ပွဲကြီး ဖြစ်တယ်” လို့ မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောပါတယ်။

အခုကျင်းပမယ့် ၂ဝ၁၈ ခုနှစ် မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲဟာ ဒုတိယအကြိမ်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး မြန်မာကစားသမား ၁ဝဝဝ လောက် ပါဝင်ယှဉ်ပြိုင်ဖို့ မျှော်မှန်းထားပါတယ်။

ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၁ဝ ရက် နောက်ဆုံးထား စာရင်းပေးသွင်းရမှာဖြစ်ပြီး ပြိုင်ပွဲကုန်ကျစရိတ် အားလုံးကို တရုတ်နိုင်ငံက အကုန်အကျခံမှာ ဖြစ်တယ်လို့ တယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ပြည်ပပြန်ကြားရေးတာဝန်ခံ မစ္စတာ ကျောက်ယွင်ဆန်က ပြောပါတယ်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်၊ မြန်မာနိုင်ငံက ကစားသမား ၈ဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၃၃ ဦး ဆုရခဲ့တယ်၊ အခု ဒုတိယအကြိမ် ပြိုင်ပွဲမှာတော့ ၂၂ နိုင်ငံအထိ တိုးမြှင့် စာရင်းပေးထားတယ်လို့ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရပါတယ်။

ပြိုင်ပွဲမှာ မူဆယ်ဘက်ပြေးလမ်း ၆ ဒသမ ၂ ကီလိုမီတာနဲ့ ရွှေလီဘက်ပြေးလမ်း ၃၈ ကီလိုမီတာ ရှိမှာဖြစ်ပြီး မြန်မာနိုင်ငံသားတွေအတွက် ဆွေမျိုးပေါက်ဖော်ဆုကို သီးသန့်ချီးမြှင့်မှာဖြစ်ကာ ပထမဆု ယွမ် ၆ဝဝဝ နဲ့ ဆု ၈ ဆု ချီးမြှင့်မှာဖြစ်ပြီး အနိမ့်ဆုံးဆု ယွမ် ၅ဝဝ၊ တာလတ်အတွက် ပထမဆု ယွမ် ၃ဝဝဝ နဲ့ ဆု ၈ ဆု ချီးမြှင့်မှာဖြစ်ကာ အနိမ့်ဆုံးဆု ယွမ် ၄ဝဝ သတ်မှတ်ထားပြီး ယွမ် ၈ဝဝ နဲ့အထက် ဆုကြေးရရှိသူတွေကိုတော့ တရုတ်နိုင်ငံဥပဒေအရ ဆုကြေးငွေရဲ့ ၂ဝ ရာခိုင်နှုန်းကို အခွန်ကောက်ခံသွားမယ်လို့ သိရပါတယ်။


0 comments:

Post a Comment