Monday, December 31, 2018

မက်သာဖီတမင်းဆေးပြားထုတ်လုပ်ရေး ကမ္ဘာ့ဗဟိုချက်တခုဖြစ်လာသည့် ကွတ်ခိုင်ဒေသ


မကြာသေးမီအချိန်က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်ရှိ ကွတ်ခိုင်မြို့နှင့် အနီးဝန်းကျင်ဒေသသည် မက်(ခေါ်) မက်သာဖီတမင်းဆေးပြား ကမ္ဘာ့အကြီးမားဆုံးထုတ်လုပ်ရေးဗဟိုချက်များအနက်တခု ဖြစ်လာခဲ့ သည်။ ထိုင်းလူမျိုးများက စိတ်ကြွရူးသွပ်ဆေးပြားဟုခေါ်ဆိုသည့် 'ယာဘ' ဆိုလျှင် လွန်ခဲ့သော အနည်းငယ်က ယခုဈေးနှုန်း၏ ငါးပုံတပုံသာရှိသည်။ ဆေးပြားတပြား မြန်မာငွေ ၃ဝဝ ကျပ်သာပေးရသည်။ 
အာရှတဝန်း ဘိန်းဖြူထက် မက်သာဖက်တမင်း (စိတ်ကြွဆေး)ဝယ်လိုအား ပိုများလာသည်။ ၂ဝ၁၃ ခုနှစ်တွင် အရှေ့ အာရှနှင့်ပစိဖိတ်ဒေသ၌ ဘိန်းဖြူနှင့် မက်သာဖက်တမင်းတို့ ဒေါ်လာ ၅ ဘီလီယံစီခန့် ဈေးကွက်ရရှိခဲ့ကြ သည်။ ၂ဝ၁၇ ခုနှစ်တွင် အရှေ့အာရှ၌ ယာဘဆေးပြား သန်း ၄၅ဝ ခန့် ဖမ်းဆီးမိခဲ့သည်။ ၂ဝ၁၃ ခုနှစ်က သန်း ၂၅ဝ ဖမ်းမိခဲ့သည်။ အိုက်စ် (ခေါ်) မက်သာဖီတမင်အခဲ ၂ဝ၁၃ တွင် ၁၄ တန်ဖမ်းမိရာမှ ၂ဝ၁၇ ခုနှစ်တွင် ၃၃ တန်ထိဖမ်းမိခဲ့သည်။ ဤသို့ဖမ်းဆီးရမိမှုများက စိတ်ကြွဆေးနှင့်ပတ်သက်ပြီး အရှေ့အာရှသည်ကြီးမားသည့် ဈေးကွက်တခုဖြစ်နေကြောင်း ဖော်ပြရာရောက်သည်။ ၂ဝ၁၅ တွင် အရှေ့အာရှသည်မြောက်နှင့် အလယ်ပိုင်း အမေရိကကိုကျော်လွန်ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံးမက်သာဖီတမင်းထုတ်လုပ်သည့် နေရာဖြစ်လာခဲ့သည်။
မက်သာဖီတမင်းအများစုကို မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးမှုမရှိသောနယ်မြေများတွင် ချက်လုပ်ကြသည်။ အထူးသဖြင့် စစ်တပ်ထောက်ခံသည့် ပြည်သူ့စစ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ထုတ်လုပ်ကြသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလက သတင်းအရ ကွတ်ခိုင်တွင်စီးနင်းရှာဖွေမှုတခုပြုလုပ်ခဲ့ရာ မက်နှင့် ဘိန်းဖြူဒေါ်လာ ၇ သန်းဖို့ သိမ်းဆည်းရမိခဲ့သော်လည်း လူတဦးတယောက်မျှ ဖမ်းမိခဲ့ခြင်းမရှိပေ။ မူးယစ်ဆေးဝါးပြုလုပ်သူများ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
ကွတ်ခိုင်ဒေသ၌ မက်ခေါ်စိတ်ကြွဆေးများ အကြီးအကျယ်ထုတ်လုပ်လာခြင်းမှာ အကြောင်းရင်းများစွာရှိသည်။ ၂ဝဝ၅ ခုနှစ်တွင် အစိုးရကဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်မှုတရပ်ပြုလုပ်ခဲ့သည်။ သို့ဖြစ်၍ မူးယစ်ဆေးဝါးထုတ်လုပ် သူများသည် စိတ်ကြွဆေးပြားများပြောင်းလဲထုတ်လုပ်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးသဘောတူချက်များရရှိခဲ့သည်။ ဒေသတွင်းတည်ငြိမ်မှုနှင့် အခြေခံအဆောက်အအုံ ပိုမိုကောင်းမွန်လာမှုက စီးပွားရေးလုပ်ရန် ပိုမိုလွယ်ကူစေသည်။ ကွတ်ခိုင်ရှိ လေးလမ်း သွားလမ်းမကြီးသည်ချောမွတ်ပြီး ယာဉ်ကြောကျပ်တည်းမှုလည်း မရှိပေ။ ဤအခြေအနေများက ကွတ်ခိုင် ဒေသကို မူးယစ်ရာဇာများ ခြေကုပ်ယူရန်ဖြစ်စေခဲ့သည်။ တချိန်တည်းမှာပင် အာရှနိုင်ငံများပိုမိုချမ်းသာပြီး 'ယာဘ' ဆေးပြား ပိုမိုရေပန်းစားလာသည်နှင့်အမျှ စိတ်ကြွမူးယစ်ဆေးလိုအပ်ချက်ပိုပြီး ကြီးမားလာခဲ့သည်။
မူးယစ်ဆေးထုတ်လုပ်သူများသည် ၎င်းတို့၏စက်ရုံများကိုအဆင့်မြှင့်ခဲ့ကြသည်။ ဘိန်းနှင့်မတူဘဲ မက်သည် ဓာတုပစ္စည်းများရောနှောပြုလုပ်သည့် ဆေးဝါးအတုတမျိုးဖြစ်သည်။ ပမာဏအမြောက်အမြားထုတ်လုပ်ရန် ပေါင်းအိုးများ၊ ဟိုက်ဒရိုဂျင်ဂက်စ်ကွန်တိန်နာများ၊ ဂျင်နရေတာများကဲ့သို့ အထူးကိရိယာတန်ဆာပလာ များနှင့်အတူ ဓာတ်ခွဲခန်းရာပေါင်းများစွာလိုအပ်သည်။ စိတ်ကြွဆေးထုတ်လုပ်ရန် ဓာတုဗေဒပစ္စည်းအများစုကို တရုတ်ပြည်မှတင်သွင်းသည်။
မက်ခေါ် စိတ်ကြွဆေးပြားကုန်သွယ်မှုကို မည်သူတွေက ထိန်းချုပ်ထားကြောင်း ရှာဖွေဖော်ထုတ်ရန် ဆိုသည်ကား သိမ်မွေ့ရှုပ်ထွေးပြီးခက်ခဲလှသည်။ ကွတ်ခိုင်အခြေစိုက် ပြည်သူ့စစ်အဖွဲ့တဖွဲ့မှ ဗိုလ်မှူး ဒီခန်းဆိုသူက မည်သူတွင်တာဝန်ရှိကြောင်း အတိအကျပြောရန်မလွယ်ဟုဆိုသည်။ သူ၏အဖွဲ့သည် မူးယစ် ဆေးဝါးကုန်သွယ်မှုတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း၊ ပါဝင်ပတ်သက်သည့်အဖွဲ့ဝင်တဦးချင်းကို အပြစ်ပေး အရေးယူကြောင်း ပြောပြသည်။ သူ၏ငြင်းဆိုစကားများကို ကျွမ်းကျင်သူများက ပယ်ချကြသည်။ စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များသည် လမ်းမကြီးများနှင့် နယ်စပ်ဖြတ်ကျော်ဂိတ်များပေါ်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားရှိရာ ဓာတုပစ္စည်းများနှင့် ဆေးချက်ကိရိယာများအပြည့်တင်ဆောင်လာသော ကုန်တင်ကားကြီး များသည် ၎င်းတို့သတိမပြုမိဘဲ ဖြတ်ကျော်သွားနိုင်မည်မဟုတ်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြကြ သည်။
ဖြစ်နိုင်ခြေရှိသည်မှာ ပြည်သူ့စစ်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသအခြေစိုက် တပ်မတော်သားအချို့သည် မူးယစ်ဆေးဝါးကုန်သွယ်မှု၌ ပါဝင်ပတ်သက်ဖွယ်ရှိသည်။ ရရှိလာသည့် ငွေကြေးများကို ပြည်သူ့စစ်အဖွဲ့များပိုင်ဆိုင်သည့် ကာစီနိုလောင်းကစားရုံများ၊ စားသောက်ဆိုင်များမှတဆင့် ငွေကြေးခဝါချကြဖွယ်ရှိသည်။ ဂိုဏ်းခေါင်းဆောင်သည် 'ဝ'ပြည်နယ် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်သည်ဟု လူများစွာက ယုံကြည်သည်။ UWSA သည် တပ်ဖွဲ့ဝင်အင်အား ၃ဝဝဝဝ ခန့်ရှိပြီး ရှမ်းပြည်နယ်၏ ဒေသအများအပြားကိုထိန်းချုပ်ထားသည်။
ယခုအခါ မြန်မာနိုင်ငံတွင် 'ယာဘ' သည် ဘဝ၏သွင်ပြင်လက္ခဏာတခုဖြစ်လာသည်။ ပါတီပွဲတက်ရောက် သူများအစ လက်လုပ်လက်စား အလုပ်သမားများအဆုံး လူ့အလွှာတိုင်း၌ စိတ်ကြွမူးယစ်ဆေးပျံ့နှံ့နေသည်။ ရှမ်းပြည်နယ်တွင် ဘိန်းစိုက်တောင်သူအချို့အား ၎င်းတို့ လက်ခံရရှိသောငွေကြေး၏ထက်ဝက်ကို စိတ်ကြွဆေးပြားများဖြင့် ပေးချေသည်ဟုဆိုကြသည်။ ကျောက်စိမ်းတူးသမားများ တနေ့နာရီ ၂ဝ ခန့် အလုပ်လုပ်နိုင်ရန် စိတ်ကြွဆေးများပေးလေ့ရှိသည်။ ညဘက်တွင် စိတ်အပန်းပြေစေရန် ဘိန်းဖြူပေး သည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံမှ စိတ်ကြွဆေးပြားများကို မှောင်ခိုထုတ်ရန်လွယ်ကူလှသည်။ နည်းလမ်းတခုမှာ ဒေသခံများ အနေနှင့် 'မက်'အပြည့်ပါသည့် ကျောပိုးအိတ်တလုံးကိုလွယ်ပြီး တောလမ်းအတိုင်း လမ်းလျှောက်ကာ ထိုင်း၊ လာအို သို့မဟုတ် တရုတ်ပြည်သို့သွားရောက်ပို့ဆောင်ခြင်းဖြစ်သည်။ နောက်တနည်းမှာ ထရပ်ကားများဖြင့် ကပ္ပလီပင်လယ်ရှိရာသို့ သယ်ဆောင်သည်။ ယင်းပင်လယ်နှင့် မိုင်အနည်းငယ်ခန့်အကွာအဝေးကမ်းခြေတွင် ငါးဖမ်းလှေတစင်းက အသင့်စောင့်ဆိုင်းကာ မူးယစ်ဆေးများကိုပိုကြီးသော သင်္ဘောတစင်းပေါ်သို့ သယ်ဆောင်ပေးသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှုသည် အမြတ်အစွန်းကြီးမားလှသည်။ မြန်မာနိုင်ငံတွင် မက်အခဲ 'အိုက်စ်'၁ ဂရမ်သည် ၁၆ ဒေါ်လာမျှသာရှိသည်။ သို့သော် ယင်းပမာဏသည် သြစတြေးလျတွင် ဒေါ်လာ ၃ဝဝ ပေါက်ဈေးရှိသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရေးကွန်ရက်များကို များနိုင်သမျှများအောင် ဖြန့်ကြက်ရသည်။ မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် တရုတ်ပြည်၏လျှို့ဝှက်လူဆိုးဂိုဏ်းများ၊ ဂျပန်နိုင်ငံမှ ယာကူဇာလူဆိုးဂိုဏ်းနှင့် သြစတြေးလျ၏ မော်တော်ဆိုင်ကယ်စီး လူဆိုးဂိုဏ်းများကဲ့သို့ စနစ်တကျ ဖွဲ့စည်း ထားသော လူဆိုးဂိုဏ်းများနှင့် အဆက်အသွယ်များရရှိရန် UWSA အပေါ် အားကိုးအားထားပြုကြဖွယ်ရှိသည်။ မြန်မာနိုင်ငံမှ စိတ်ကြွဆေးများသည် သြစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယားနှင့် တရုတ်(တိုင်ပေ)အထိ ရောက်ရှိနေသည်။ အလျင်အမြန်ကြီးထွားလာနေသည့် မူးယစ်ဆေးဝါးတရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်သည်။ ယင်းနိုင်ငံတွင် အာဏာပိုင်များဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြား အရေ အတွက်မှာ ၂ဝ၁၃ ခုနှစ်တွင် သုံးသန်းခန့်ရှိရာမှ ၂ဝ၁၇ ခုနှစ်တွင် သန်း ၄ဝ ထိ ခုန်တက်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့်အကျပ်အတည်းကြောင့် မူးယစ်ဆေးဝါးမှောင်ခိုသည့် အလုပ်ကို အလွယ်တကူလုပ်နိုင်ကြသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စိတ်ကြွဆေးသုံးစွဲသူအရေအတွက် မြင့်တက်နေသည်။ လူပေါင်း ၆ သန်း ခန့် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့်သည် စိတ်ကြွဆေးပြားများသုံးစွဲနေသည်ဟု ခန့်မှန်းရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အရည်အသွေးနိမ့် စိတ်ကြွဆေးပြားတပြားသည် ဘီယာတဘူးထက်ပင်နည်းပြီး တဒေါ်လာခန့်သာရှိသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းများကို အပြင်းအထန်လုပ်ဆောင်နေရာ ယခုချိန်ထိ ယင်းလုပ်ငန်းနှင့်ဆက်နွှယ်ပြီး လူ ၂၅ဝဝ ခန့် အသတ်ခံရပြီဖြစ်သည်။ သို့သော် မူးယစ်ဆေးဝါး သုံးစွဲသူအရေအတွက် ပိုများလာသလို မူးယစ်ဆေးဝါးဖမ်းဆီးရမှုလည်း ပိုများလာသည်။ ဘင်္ဂလားဒေ့ရှ် အကျဉ်းထောင်များအတွင်းရှိ အချုပ်သား ၁ဝ ဦးတွင် ၇ ဦးမှာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သော အမှုများဖြစ်ကြ သည်။ အကျဉ်းထောင်ဘတ်ဂျက်သည် တရားရေးဌာနဘတ်ဂျက်၏ ထက်ဝက်ဖြစ်လာသည်။ ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မူးယစ်ဆေးဝါးအသုံးပြုမှုကို ရာဇဝတ်မှုအဖြစ်မသတ်မှတ်ရန် တွန်းအားပေးနေပြီး ကျန်းမာရေးနှင့် လူမှုရေးဝန်ဆောင်မှုများတွင် ပိုမိုအလေးထားလုပ်ဆောင်နေသည်။ ပါလီမန်သည် ၂ဝ၁၉ ခုနှစ်၊ နှစ်ဆန်းတွင် မူးယစ်ဆေးဝါးဥပဒေသစ်တရပ်ကို ပြဋ္ဌာန်းနိုင်ရန် မျှော်မှန်းထားသည်။
မြန်မာနိုင်ငံသည်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနည်းတူ မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အလေးထားလုပ် ဆောင်ဖွယ်ရှိသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့တွင် လူအင်အားမလုံလောက်သလို ပြန်လည် ထူထောင်ရေးစခန်းများသည် ရန်ပုံငွေမလုံလောက်ကြပေ။ လူ့အသိုင်းအဝန်းကလည်း မူးယစ်ဆေးဝါး သုံးစွဲသူများကို ဝိုင်းပယ်လေ့ရှိကြသည်။ မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလတွင် ပထမဆုံးမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကိုထုတ်ပြန်ခဲ့ပြီး မူးယစ်ဆေးဝါး ဥပဒေကိုပြင်ဆင်ခဲ့သည်။ မူးယစ်ဆေးဝါးသုံးစွဲမှုသည် ရာဇဝတ်မှုမဟုတ်ကြောင်း ပြင်ဆင်ပြောင်းလဲခြင်းမဟုတ်သော်လည်း မူးယစ်ဆေးဝါးဖမ်းဆီးရေးထက် ကုသရေးပြန်လည်ထူထောင်ရေးအပေါ် ပြောင်းလဲအာရုံစိုက်လာခဲ့သည်။
အဆိုပါ အရေးယူလုပ်ဆောင်မှုများသည် မူးယစ်ဆေးသုံးစွဲသူများအတွက် အကူအညီဖြစ်နိုင်ပါသည်။ အနှေးနှင့်အမြန်ဆိုသလို စိတ်ကြွဆေးပြားဝယ် လိုအားကျဆင်းသွားဖွယ်ရှိသည်။ သို့သော် စိတ်ကြွဆေးပြား ထုတ်လုပ်ဖြန့်ချိမှုကို ထိန်းချုပ်ရန်မျှော်လင့်ချက်အနည်းငယ်မျှသာရှိသည်။ အကြောင်းမှာ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေသည့် မြန်မာနိုင်ငံ၏ဥပဒေစိုးမိုးခြင်းမရှိသော နယ်စပ်ဒေသများ၌ ပြောင်းလဲမည့် အရိပ်အယောင် မမြင်ရသောကြောင့်ဖြစ်သည်။
ရှမ်းပြည်နယ်၏တောင်ကုန်းများပေါ်ရှိကွတ်ခိုင်မြို့အနီးကျေးရွာတရွာ၏ ရွာသူကြီးဦးစံမောင်လှကတော့ သူ့ရွာတွင် ဆေးစွဲသူများပြားနေခြင်းအပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ ဒေသခံ မူးယစ်ပြန်လည် ထူထောင်ရေးစခန်းအတွက် ရန်ပုံငွေမရှိ။ ရဲတပ်ဖွဲ့အကူအညီ မဆိုစလောက်သာရသည်။
''အခြေအနေက ပိုမကောင်းလာဘဲ ပိုဆိုးလာနေတယ်''ဟု ၎င်းကသက်ပြင်းချကာ ပြောကြားခဲ့သည်။

Ref;(The Economist, Dece 18-25,2018)
News Watch 

0 comments:

Post a Comment